သရုပ်ဆောင်နှင့် အဆိုတော် သဇင်က အခုအချိန်မှာတော့ သာမန်အိမ်ရှင်မတစ်ယောက်ပါ

ရန်ကုန် ၁ မတ်

 

တစ်ချိန်က No အဖွဲ့ဆိုပြီး ပရိသတ်များ၏  အချစ်တော်ဖြစ်ခဲ့ရသူ မိန်းကလေး အဆိုတော်သဇင် တစ်ယောက် အိမ်ထောင်မှု တာဝန်တွေနှင့်အတူ မကြာမီ ရင်သွေးလေးလွယ်ကာ၊ ဂီတဘက်ကို အခြေချရန်အတွက် လတ်တလောတွင် သူ့အနေဖြင့် ရည်ရွယ်ထားခြင်း မရှိသေးကြောင်း သိရသည်။

 

မေး။      ။ မြန်မာပြည်ကိုပြန်လာတာ ဘယ်လိုကြောင့်လဲ၊ အပြီးပြန်လာတာလား။

 

ဖြေ။      ။ မြန်မာပြည်ကို အခုပြန်ရောက်တာ လေးရက်ရှိသွားပြီ။ နောက်ထပ် သီတင်းသုံးပတ် ပြည့်သွားရင် ပြန်မှာပါ။ ဂီတအလုပ်တွေကိုတော့ အခုချိန်မှာ လှုပ်ရှားဖို့ မရှိသေးပါဘူး။ အခုသဇင့်ဆီမှာ ကိုယ်ဝန်က ဆယ်ပတ်ရှိပါပြီ။

 

မေး။      ။ ရင်သွေးလေး လွယ်ထားရတဲ့အပေါ် သဇင့်ရဲ့ ခံစားမှုနဲ့ မိခင်တစ်ယောက်ရဲ့ အတွေးကို ပြောပြပါဦး။

ဖြေ။      ။ နဂိုကတည်းက ကလေးချစ်တတ်တဲ့သူလည်း ဖြစ်တာမို့ ရင်သွေးလေးရှိလာတော့ အတိုင်းမသိ ဝမ်းသာပါတယ်။ လက်ရှိမှာ ဗိုက်ထဲက ကလေးကျန်းကျန်းမာမာနဲ့ မွေးဖွားလာနိုင်ဖို့အတွက် အာရုံစိုက်နေရပါတယ်။ သွားတာလာတာအားလုံး သတိထားနေပြီး မွေးလာရင်လည်း ကျန်းမာသန်စွမ်းဖို့အတွက် အချိန်တွေပေးနေရဦးမယ် ထင်ပါတယ်။ မြတ်စွာဘုရားကိုလည်း ပိုပြီးအာရုံပြုတယ်။ ကလေးအတွက်လည်း ဆုတောင်းရတယ်။ အမျိုးသားဆိုလည်း အဲဒီလိုပါပဲ။ အရင်က သူ့အာရုံမှာ ကိုယ်ကပထမ၊ အခုဆိုရင် ဗိုက်ထဲကကလေးလေးက ပိုပြီး သူ့စိတ်ထဲမှာ ရှိနေတယ်။ ကိုယ်က ဒုတိယဖြစ်သွားတယ်။

 

မေး။      ။ ဟိုတလောက မိတ်ကပ်သင်တန်းဖွင့်မယ်လို့ ပြောတာကြားမိတယ်။ အကောင်အထည် ဖော်ဖြစ်လား။

 

ဖြေ။      ။ မလုပ်ဖြစ်တော့ဘူးရှင့်။ အစကတော့ မိတ်ကပ်သင်တန်းဖွင့်ဖို့ ရည်ရွယ်ထားတာပါ။ ကျန်းမာရေးကလည်း အခုချိန်မှာ သတိထားရမယ့် အချိန်ဆိုတော့ မလုပ်ဖြစ်တာပါ။ နေကောင်းပြီး ကျန်းကျန်းမာမာနဲ့ ကလေးလေး မီးဖွားပြီးရင်တော့ လုပ်ဖြစ်မှာပါ။ အခု မြန်မာနိုင်ငံကို ပြန်လာတယ် ဆိုတာကလည်း အလည်သက်သက်ပါ။  အလုပ်တွေ အကုန်လုံးတော့ နားထားမိတယ်။

 

မေး။      ။ သဇင်ခံယူထားတဲ့ အိမ်ရှင်မဘဝနဲ့ လက်ရှိ သဇင့်ရဲ့အိမ်ရှင်မဘဝကရော ထပ်တူကျပါသလား။

 

ဖြေ။      ။ သဇင့်ကို အိမ်ထောင်ရေး အဆင်မပြေဘူးဆိုပြီး ပြောကြတာရှိတယ်။ ကောလဟလဆိုတာ ဒီလိုပါပဲ။ အိမ်ထောင်နဲ့ ကွဲသွားပြီဆိုတာလည်း ပြောကြတယ်။ အမှန်က အဲဒီလို ပြောနေကြတဲ့အပေါ်မှာ သဇင်က လိုက်ကို မခံစားတော့ဘူး။ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်နေမိတယ်။ သဇင်ခံယူထားတဲ့ အိမ်ရှင်မကလည်း သဇင့် အခုဘဝလိုပါပဲ။ သဇင်က အခုအချိန်မှာ သာမန်အိမ်ထောင်သည် အမျိုးသမီး တစ်ယောက်ပါပဲ။

 

ကိုလင်း