သရက်ချောင်းမြို့နယ်တွင် ဝါးလက်မှုပညာသင်တန်းဖွင့်လှစ်ပေး

သရက်ချောင်း  ၂၈   ဇူလိုင်

 

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူး၍  ဝါးလက်မှု ပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက သရက်ချောင်းမြို့နယ် ကျောက်ဆည်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့သည်။

   

ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးမှူး ဦးတင်ထူးနိုင်က တစ်ပိုင်တစ်နိုင် ဝါးလက်မှုပညာသင်တန်းများ ပေါ်ထွန်းလာစေရန်၊ ဒေသထွက်ကုန်ဝါးများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်စေရန်၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ တတ်မြောက်ခြင်းဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာပြီး ဝင်ငွေအခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

   

အဆိုပါ သင်တန်းသို့ ကျောက်ဆည်ကျေးရွာမှ ဝါးလက်မှုပညာ စိတ်ပါဝင်စားသူ (၂၀) တက်ရောက်ပြီး ဝါးလက်မှုပညာကို ဝါးပညာရှင် ဦးစွမ်းပိုင်က ကြီးကြပ်၍ သင်တန်းနည်းပြဆရာ ဦးသန်းဦးက သင်ကြားပို့ချပေးမည်ဖြစ်သည်။

 

၎င်းသင်တန်းတွင် ဝါးတဲနှင့်ဝါး ကုလားထိုင် ဘာသာရပ်နှစ်မျိုးကို ဇူလိုင် ၂၇ ရက်မှ ဇူလိုင် ၃၀ ရက်အထိ (၄)ရက်အကြာ စာတွေ့လက်တွေ့ ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သရက်ချောင်း(ပြန်/ဆက်)