သရက်ချောင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၁၆၃၀၂)စုအတွက် ထောက်ပံ့ငွေများပေးအပ်

သရက်ချောင်း ၂၉ ဇူလိုင် 


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၁၆၃၀၂ စုအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး(အစည်းအဝေး)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်း က ထောက်ပံ့ငွေပေးအပ်ရခြင်း ရည်ရွယ်ချက်၊ ထောက်ပံ့ ငွေပေးအပ်ရာတွင် အခြေခံလူတန်းစားများ၏ လက်ဝယ်အရောက်ပေးပို့ရ မည့်နည်းလမ်းများ၊ ထောက်ပံ့ငွေများကို ထုတ်ပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထုတ်ပေးသွားရန် စသည်တို့အား ရှင်းလင်းပြောကြားခဲ့သည်။


ထိုနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းနှင့်တာဝန်ရှိသူများက နိုင်ငံတော်မှ ဒုတိယအကြိမ်ထောက်ပံ့သည့် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၂၂)အုပ်စုရှိ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၈၀၁၇)စုအတွက် ထောက်ပံ့ငွေများပေးအပ်ကြရာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးတာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြသည်။


ထိုသို့ပေးအပ်ရာတွင် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၂၂)အုပ်စုရှိ အခြေခံလူတန်း စား အိမ်ထောင်စု(၈၀၁၇)စုအတွက် တစ်အိမ်ထောင်စုလျှင်(၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း (၁၆၀၃.၄)ကျပ်ကိုထောက်ပံ့ပေးအပ်ခဲ့သည်။ ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာအုပ်စု(၂၂) အုပ်စုအား ဇူလိုင်၃၀ရက်နေ့တွင် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်သည်။


သရက်ချောင်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု(၄၄)အုပ်စုရှိပြီး အခြေခံလူတန်းစား အိမ်ထောင်စု(၁၆၃၀၂)စုအတွက် တစ်အိမ်ထောင်စုလျှင်(၂၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်​ကြောင်းသိရသည်။


မျိုးချစ်ဦး(ပြန်/ဆက်)