သပိတ်ကျင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် စားသောက်ကုန်များ ပေးအပ်

သပိတ်ကျင်း  ၂၈   ဇူလိုင်

           

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်နစ်မြုပ် မှုကြောင့် ရပ်ကွက်/ကျေးရွာများအလိုက် အိမ်ထောင်စုဝင်များနှင့် တိရစ္ဆာန်များအား ရေလွတ်သည့်ကုန်းမြင့်များနှင့် နီးစပ်ရာနေအိမ်များသို့ ပြောင်းရွှေ့ခြင်းများဆောင်ရွက်ပေးလျက်ရှိရာ ရေလွတ်ရာ ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စုဝင်များအား ယမန်နေ့ ညနေ ၄ နာရီက ထောက်ပံ့ငွေနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် သပိတ်ကျင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စု(၄၀၂)စုနှင့် လူဦးရေ (၁၈၉၃)ဦးတို့အတွက် မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပေးအပ် သည့် လူတစ်ဦးလျှင် ငွေကျပ် (၂၁၀၀)နှင့် သပိတ်ကျင်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ ပေးအပ်သော အိမ်ထောင်စုတစ်စုလျှင် ကြက်ဥ(၅)လုံး၊ ခေါက်ဆွဲခြောက်(၄)ထုပ်၊ Mask (၁၀)ခုပါ (၁) ထုပ်တို့ကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းဝေလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ သပိတ်ကျင်းမြို့ ဆိပ်ကမ်းရပ်ကွက် ဇီးကျွန်းရပ်ရှိ ရေဝင်ရောက်၍ ပြောင်းရွှေ့ အိမ်ထောင်စု  (၈၅)စု၊ လူဦးရေ (၄၂၈) ဦးနှင့် ကဘဲ့ရပ်ကွက်မှ ပြောင်းရွှေ့အိမ်ထောင်စု(၄)စု၊ လူဦးရေ (၁၃)ဦး တို့အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ပေးအပ်ရန်ကျန်ရှိနေသည့် တကောင်းမြို့ ရပ်ကွက် (၁)(၂)(၃)နှင့် အင်းနက်ကျေးရွာ၊ လက်ပံကုန်း ကျေးရွာ၊ တွင်းငယ်ကျေးရွာတို့မှအိမ်ထောင်စု (၃၁၃)စု၊ လူဦးရေ (၁၄၅၂)တို့အတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများအား ဆက်လက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

စိုးနိုင်ဝင်း(ပြန်/ဆက်)