သပြေကန်ကျေးရွာတွင် သဘာ၀ ပိုးသတ်ဆေးနှင့် မြေသြဇာပြုလုပ်နည်း သင်တန်းပို့ချ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး သဘာ၀ ပိုးသတ်ဆေးနှင့် မြေသြဇာ ပြုလုပ်နည်းသင်တန်းကို ယနေ့ နံနက် ၉ နာရီက သပြေကန်ကျေးရွာတွင် ပြုလုပ်ခဲ့သည်။

 

သင်တန်းတွင် မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ဇာဇာမင်းက သဘာ၀ ပိုးသတ်ဆေးနှင့် မြေသြဇာ ပြုလုပ်သုံးစွဲနည်းနှင့် အကျိုးသက်ရောက်ပုံကို လည်းကောင်း၊ စပါးခွံပေါင်းခံရည် ပြုလုပ်နည်းတို့ကို လည်းကောင်း ရှင်းလင်းပြောကြားသည်။ 

 

ထို့နောက် ဆေးရွက်ကြီး၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း၊ အီးအမ်၊ တင်လဲရည်၊ ဒုတ္တာ တို့ဖြင့် သဘာဝဆေး ပြုလုပ်နည်း၊ ကောက်ရိုး၊ နွားချေး၊ ဖွဲနု၊ အသင့်သုံး အီးအမ်ဖျော်ရည်ဖြင့် သဘာဝမြေသြဇာ ပြုလုပ်ပုံ၊ စပါးခွံ ပေါင်းခံရည်တို့ကို တက်ရောက်လာသော တောင်သူများရှေ့တွင် လက်တွေ့သင်ကြားပေးခဲ့သည်။

 

အဆိုပါသင်တန်းကို တောင်သူများနှင့် စိုက်ပျိုးရေး လုပ်ကိုင်နေသူများ အန္တရာယ်ကင်းရှင်းပြီး ကုန်ကျစရိတ် သက်သာစေရန်၊ ဓာတ်မြေသြဇာနည်းတူ သဘာဝဓာတ်မြေသြဇာကို သုံးစွဲတတ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ထွန်းမြင့်အောင် (ရွှေဘို ပြန်/ဆက်)