သံတောင်ကြီးမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကို ကျေးရွာ(၇)ရွာ၌ စတင်ဆောင်ရွက်

သံတောင်ကြီး ၂၇ ဇူလိုင်

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း (Village Revolving Fund Project) ကို သံတောင်ကြီး မြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာ၌ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကြောင့် ကျေးလက်ဒေသရှိ လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူ ထုတ်လုပ် သူများ၊ အသေးစားစီးပွားရေး လုပ်ကိုင်သူများအတွက် ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါစီမံကိန်းများကို နိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး၏ ကျေးရွာ အနည်းအများပေါ် မူတည်ပြီး ရွေးချယ်ခဲ့တာဖြစ်သလို နိုင်ငံတော်က ရန်ပုံငွေချပြီးနောက် ဇူလိုင်လကုန် သြဂုတ်လဆန်းပိုင်းမှာ ထုတ်ချေးပေးဖို့ မျှော်မှန်းထားပါတယ်၊ စီမံကိန်းမှာပါဝင်တဲ့ ကျေးရွာတွေအနက် အိမ်ခြေ(၁၀ဝ)နှင့်အထက် ကျေးရွာများကို ကျပ်သိန်း(၃၀ဝ)၊ အိမ်ခြေ(၅၀)နှင့် (၁၀ဝ)ကြားရှိ ကျေးရွာများကို ကျပ်သိန်း(၂၀ဝ)၊ အိမ်ခြေ(၅၀)အောက် ကျေးရွာများကို ကျပ်သိန်း(၁၀ဝ) ထုတ်ချေး ပေးသွားမှာ ဖြစ်ပါတယ်။ အတိုးကတော့ ချေးငွေပထမနှစ်တွင် ကျပ် ၁၀ဝ အတွက် တစ်လလျှင် ပြား(၅၀)နှုန်း၊ ဒုတိယနှစ်မှာ ကျပ် ၁၀ဝ အတွက် အတိုးနှုန်း တစ်လလျှင် ကျပ် (၁.၅၀) နှုန်း ပေးဆောင်ရမည်ဖြစ်ပြီး ရရှိသောအတိုးများကို မိမိတို့ကျေးရွာ ဖွံ့ဖြိုးရေးအတွက် သုံးစွဲခွင့် ပေးသွားမှာပါ"ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက ပြောသည်။

 

ကျေးရွာမတည်ရန်ပုံငွေ ရွေးချယ်ခံရသော သံတောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးနှင့် သံမိုးတောင်အောက် အထက်တန်း ကျောင်းတို့၌ စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းများကို သင်တန်းများ ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)