သံတောင်ကြီးမြို့၌ သဘာဝပတ်ဝန်းကျင် ဇီဝမျိုးစုံကြွယ်ဝရေးနှင့် သဘာဝတောတောင် ထိန်းသိမ်း ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

သံတောင်ကြီး     ၃၁   ဇူလိုင်

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် သဘာဝပတ်ဝန်းကျင် ဇီဝမျိုးစုံကြွယ်ဝရေးနှင့် တောတောင် ရေမြေသဘာဝအလှ စိမ်းလန်းစိုပြေစေရေးအတွက်ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ထိုသို့ဆွေးနွေးရာတွင် ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေသွေးက နွေရာသီကာလ၌ ပြည်သူများသစ်ပင်များ ခုတ်ပြီးထင်းအဖြစ် အသုံးပြုခဲ့ကြသည်ကိုတွေ့ရှိရသဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးကို ထိခိုက်စေသည့်အတွက် သစ်တောသစ်ပင်များ ဖြန်းတီးမှု မရှိစေရေး ကာကွယ်ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ လူဦးရေများ လာသည်နှင့်အမျှ လူနေအိမ်များတိုးချဲ့ဆောက်လုပ်ရာတွင် သစ်တောကြိုးဝိုင်း အတွင်းသို့ ဝင်ရောက်နေထိုင်ခြင်းရှိသည့် အတွက်သစ်တောကြိုးဝိုင်းအတွင်းသို့ ဝင်ရောက်နေထိုင်သူ စာရင်းများ ကောက်ယူ၍ သစ်တောမြေမှပယ်ဖျက်ပေးနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တောတောင်သဘာဝအလှများ မပျက်စီးအောင် ကျောက်တူးခြင်း၊ သစ်ပင်ခုတ်ခြင်း၊ သစ်ထုတ်ခြင်းများကို စနစ်တကျ စိစစ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရေအရင်းအမြစ်များ သန့်ရှင်းသာယာ လှပစေရန်ချောင်း အတွင်းသို့ အမှိုက်စွန့်ပစ်ခြင်းများကို ထိရောက်စွာအရေးယူ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရှားပါးတောရိုင်းတိရိစ္ဆာများ မျိုးသုဉ်းမပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်ရန် စသည်တို့ကိုဆွေးနွေးခဲ့သည်။

 

ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မြို့နယ် ဦးစီးမှူး ဦးမန်းမေတ္တာ၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးမြတ်ကိုကို၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ကဏ္ဍအလိုက် ဆောင်ရွက်မည့် လုပ်ငန်းများအား အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။

 

 

မြို့နယ်(ပြန်/ဆက်)