သံတောင်ကြီး အမျိုးသမီးများအဖွဲ့မှ လိပ်သိုမြို့ Quarantine Center ရှိ ကလေးငယ်များအတွက် တစ်ကိုယ်ရေအသုံးအဆောင် ပစ္စည်းများနှင့် အဝတ်ထည်များလှူဒါန်း

လိပ်သို  ၁  နိုဝင်ဘာ

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် သံတောင်ကြီး အမျိုးသမီးများအဖွဲ့မှ Quarantine  Center ရှိ ကလေးငယ်များအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ တစ်ကိုယ်ရည် အသုံးအဆောင်ပစ္စည်းများနှင့် အဝတ်အထည်များကို နိုဝင်ဘာလ ၁ ရက်နေ့ နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် လူမှုဝန်ထမ်းဦးစီးဌာန မှ ပေးပို့လှူဒါန်းသော လိပ်သိုမြို့ Quarantine Center ရှိ ကလေးငယ်များအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊  အဝတ်အထည်များနှင့် ကလေး ကစားစရာ အရုပ်များ၊ ဆေးရောင်ခြယ်ဘူးများ၊ ဖိနပ်များ ၊ သွားတိုက်ဆေးဘူးများနှင့် အခြား အသုံးအဆောင်ပစ္စည်းများကို လှူဒါန်းခဲ့​ကြောင်း သိရသည်။

 

အဆိုပါ ထောက်ပံ့ ပစ္စည်းများကို သံတောင်ကြီး အမျိုးသမီးများ အဖွဲ့၏ ဒါရိုက်တာ ဒေါ်နော်မာမာချိုမှ ပေးအပ်ရာ လိပ်သိုမြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဌ ဦးစောမြတ်ကျော်၊ ရဲအုပ်အောင်ပြည့်စုံနှင့် အဖွဲ့ဝင် ​ဒေါ်နော်ခတ္တာဆွေ တို့မှ လက်ခံရယူခဲ့ပြီး ထောက်ပံ့ပစ္စည်းများကို  ဆက်လက်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နွယ်နွယ်ခိုင် (ပြန်/ဆက်)