သန္တာကျောက်တန်းများကို ထိန်းသိမ်းကာကွယ်ရန်အတွက် ဒေသန္တရအမိန့် ထုတ်ပြန်တားမြစ်

မာန်အောင် ၁၁ ဇွန် 

 

ရခိုင်ပြည်နယ် မာန်အောင်မြို့နှင့် ၂၄ မိုင်ကွာဝေးသည့် ပြင်ကောက်ကျေးရွာအနီးရှိ ပင်လယ်ကမ်းခြေတစ်လျှောက်တွင် သဘာဝအတိုင်း ဖြစ်တည်နေသော သန္တာကျောက်များကို ပျက်စီးဆုံးရှုံးမှု မရှိစေရေးနှင့် သဘာဝသယံဇာတ ဂေဟစနစ်များ မပျက်စီးစေရန်အတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေသန္တရအမိန့် (၂/၂၀၂၀)ကို ဇွန်လ ၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။

 

အဆိုပါ ဒေသန္တရအမိန့် ထုတ်ပြန်ချက်တွင် သန္တာကျောက်တန်းကို ချိုးဖဲ့ခြင်း၊ ဖျက်ဆီးခြင်း၊ ယူဆောင်ခြင်း၊ ရေထဲဆင်း၍ ကြည့်ရှုခြင်း၊ ကမ်းခြေတစ်လျှောက်တွင် အရက်ရောင်းချခြင်း၊ သောက်သုံးခြင်းကို တားမြစ်ထားပြီး သန္တာကျောက်တန်း တည်ရှိရာတွင် ငါးဖမ်းခြင်း၊ ပင်လယ်ရေနှင့် ရေနေသတ္တဝါများအား ထိခိုက်စေသော ဓါတုပစ္စည်းများ သုံးစွဲခြင်း၊ စွန့်ပစ်ခြင်း၊ ကမ်းခြေတစ်လျှောက် ခွင့်ပြုချက်မရရှိဘဲ တဲထိုးခြင်း၊ စျေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချခြင်းများကို မပြုလုပ်ရဟု ကန့်သတ်ထားကာ သန္တာကျောက်တန်းများ၏ သဘာဝအလှတရားများကို လာရောက်ကြည့်ရှုသူများ အနေဖြင့်လည်း ဂေဟစနစ်ကို မပျက်စီးစေရန်အတွက် အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြရန် ဖော်ပြပါရှိသည်။

 

ယင်းဒေသန္တရအမိန့်ပါ အချက်များကို ဖောက်ဖျက်မှု တစ်စုံတစ်ရာ တွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

သိန်းထွန်းအောင်
မြို့နယ်(ပြန်/ဆက်)