သံသရာခရီးသွား အမှားမလုပ်မိစေနှင့်

သတင်းဆောင်းပါး - ဘကြီးကောင်း 

မောင်မြင့်အေးရေ ...
“မိုက်မဲသည့်အလျောက်၊       တွေဝေသည့် အလျောက်၊   မလိမ္မာသည့်အလျောက်  ကျူးလွန် ခဲ့သောပြစ်မှုများကို      သည်းခံတော်မူပါဘုရား။ နောက်နောင်အခါ ရှောင်ကြဉ်ပါတော့မည်ဘုရား” ဆိုတဲ့   အဇာတသတ်မင်းကြီးက   ဖခင်    ဗိမ္ဗိသာရ မင်းကြီးကို ကျူးလွန်မိခဲ့တဲ့ ပြစ်မှုကြီးအပေါ် နောင်တ ရပြီး    မြတ်စွာဘုရားရှင်ကို   ဝန်ချတောင်းပန်ခဲ့တဲ့ စကားလုံး    အသုံးအနှုန်းကလေးက   တို့ပုထုဇဉ် လူသားတွေအတွက် အမြဲအမှတ်ရ သတိပြုဆင်ခြင် စရာ တစ်ခုပါပဲ။

သံသရာခရီးသွား ပုထုဇဉ်လူသားတွေအဖို့က တော့   မိုက်မဲသည့်အလျောက်၊   တွေဝေသည့် အလျောက်၊   မလိမ္မာသည့်အလျောက်   ရံဖန်ရံခါ အမှားတွေ   ကျူးလွန်မိတတ်ကြတယ်။ သို့ပေမဲ့ အများစုကတော့   မကောင်းမှုကို   မကောင်းမှုမှန်း မသိမမြင်ကြတော့           အဇာတသတ်မင်းကြီးလို တောင်းပန်လျှောက်ထား နောက်နောင်ရှောင်ကြဉ်ဖို့ နေနေသာသာ ကိုယ်ကျူးလွန်ခဲ့တဲ့အပြစ်ကို အမှား ကိုအမှန်အဖြစ် ဖုံးကွယ်လှည့်စားပြီး ရှေ့ကိုတိုးမိုက် မိကြပြန်တယ်။

နောင်တတွေရလာတတ်ကြ

ကိုယ်ပြုလုပ်ခဲ့တဲ့          မကောင်းကျိုးတွေဟာ ကိုယ့်အပေါ်အကျိုးပေးချိန်ရောက်တော့မှ  နောင်တ တွေရလာတတ်ကြတယ်။   ဒါကြောင့်မို့    ပညာရှိ သူတော်ကောင်းတွေက   သတ္တဝါအပေါ်    သနား ကရုဏာထားပြီး မကောင်းမှုတွေကို ရှောင်ကြဉ်စေဖို့၊ မလုပ်မိစေဖို့   အခါအားလျော်စွာ   သတိပေးဆုံးမ ဟောပြောနေကြခြင်း ဖြစ်ပါတယ်။

ပါမောက္ခချုပ် ဆရာတော်ကြီး ဒေါက်တာ အရှင် နန္ဒမာလာဘိဝံသက      “သံသရာခရီးသွားအမှား မလုပ်မိစေနှင့်” ခေါင်းစဉ်နဲ့   “သံသရာခရီးသွား ပုဂ္ဂိုလ်တိုင်းဟာ    အမှားလုပ်မိတတ်ကြတယ်။ ဘာကြောင့် အမှားလုပ်မိကြသလဲဆိုရင် အမှန်ကို မသိခြင်းကြောင့်ပဲပေါ့။ အေး၊ ‘လုပ်သင့်တာနဲ့ မလုပ် သင့်တာ’ကို   မသိဘူး။   မသိတဲ့အတွက်ကြောင့် မလုပ်သင့်တာကို လုပ်မိခြင်း၊ လုပ်သင့်တာကို မလုပ် မိခြင်းဆိုတာ အကြောင်းတစ်ခုပဲ။ မသိလို့ အဆိုးကို အကောင်းထင်ပြီး  ရံဖန်ရံခါလူတွေဟာ  လုပ်မိတတ် ကြတယ်။

မှားမှားယွင်းယွင်း  တစ်ခုခုလုပ်မိသွားပြီဆိုရင် ခံရတဲ့အကျိုးဆက်ဟာ သက်သာလှတယ်လို့မရှိဘူး။ ဗုဒ္ဓမြတ်စွာရဲ့လက်ထက်တော်အခါမှာ ကြုံတွေ့ခဲ့ရ တဲ့ ပုဂ္ဂိုလ်တွေရဲ့ အခြေအနေကို ဆင်ခြင်သုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ် သတိပေးနိုင်ဖို့ပါ။

ကောင်းတဲ့အလုပ်၊        မကောင်းတဲ့အလုပ်၊ ကောင်းမှု၊ မကောင်းမှု ဒီနှစ်ခုကို ဘာနဲ့စံပြုပြီး ခွဲခြား ရတုံးဆိုရင် မြတ်စွာဘုရားက ‘လုပ်ပြီးတဲ့အခါမှာ ပူပန်နေရတဲ့အလုပ်’မျိုး။ လုပ်မိတာ မှားလေခြင်းလို့ စိတ်ပူပန်ရတဲ့အလုပ်မျိုးကို ‘မကောင်းတဲ့အလုပ်’လို့ ခေါ်တယ်။ အလုပ်တစ်ခုကို လုပ်မိပြီးတဲ့နောက်မှာ ဘယ်အလုပ်ပဲဖြစ်ဖြစ် အကျိုးဆိုတာ ပေါ်လာတတ် တယ်။ ဆိုပါစို့။ သရက်ပင်စိုက်ရင် သရက်သီးဆိုတာ သီးလာမှာပဲ။ သရက်သီးဟာ အကျိုးပေါ့နော်။ အေး၊ ကိုယ်လုပ်တဲ့အလုပ်တစ်ခု    စိတ်ထဲကတွေးတာပဲ ဖြစ်စေ၊ နှုတ်က ထုတ်ဖော်ပြောတာပဲဖြစ်စေ၊ ကိုယ်ထိ လက်ရောက် လုပ်တာပဲဖြစ်စေ ထိုလုပ်ရပ်ရဲ့ အကျိုး သက်ရောက်မှုက ပေါ်လာမှာပဲ။ အဲဒီလို ပေါ်လာတဲ့ အခါ    ‘ရလာတဲ့    အကျိုးတရားကို    ငိုငိုရယ်ရယ် ကြိတ်မှိတ်ပြီး  ခံစားရမယ့်အလုပ်မျိုးဟာ မကောင်း တဲ့အလုပ်’တဲ့။ ဒီနှစ်ချက်နဲ့ မှတ်ရမယ်နော်။

မြတ်စွာဘုရားဒေသနာတော်နဲ့ ပြောမယ်ဆိုရင် ‘န တံ ကမ္မံ ကတံ သာဓု’ ဒီအလုပ်မျိုးဟာ မကောင်း ဘူးတဲ့။ ဘယ်အလုပ်တုံး၊  ‘ယံ ကတွာ အနုတပ္ပတိ’ လုပ်ပြီးတဲ့   နောက်မှာ   ပူပန်နေရမယ့်  အလုပ်မျိုး။ ‘ယဿ    အဿုမုခေါ    ရောဒံ’။    အဿုမုခေါ -  မျက် ရည်ရွှဲနေတဲ့ မျက်နှာနဲ့။ ရောဒံ - ဆိုတာ တငိုငို တယိုယို၊ ‘ဝိပါကံ ပဋိသေဝတိ’ အဲဒီလုပ်ရပ်ရဲ့အကျိုး ပေါ်လာပြီဆိုလို့ရှိရင် အကျိုးတရားကို ကြိတ်မှိတ်ပြီး ခံစားရတဲ့အလုပ်မျိုးဟာ  မကောင်းတဲ့  လုပ်ရပ်ပဲတဲ့။ မြတ်စွာဘုရားက      လူတိုင်းနားလည်အောင် မကောင်းမှုကို ဒီလိုရှင်းပြတာနော်။

နောင်တပူပန်မှုကို မဖြစ်စေဘူးဆိုရင်

ကောင်းမှုဆိုတာကျတော့    ပြောင်းပြန်မှတ်ရ မယ်။  ‘လုပ်မိတဲ့    ကိစ္စတစ်ခုဟာ     ဘယ်တော့မှ  ငါလုပ်မိတာမှားလေခြင်းလို့         နောင်တပူပန်မှုကို မဖြစ်စေဘူးဆိုရင် ကောင်းတဲ့ အလုပ်ကောင်းမှုပဲ’။ တစ်ခါ အကျိုးပေါ်လာလို့ရှိရင်လည်းပဲ  ‘ရရှိလာတဲ့ အကျိုးကို ဝမ်းမြောက်ဝမ်းသာ ပီတိသောမနဿနဲ့ခံစားရပြီဆိုရင်လည်း  ကောင်းတဲ့လုပ်ရပ်’လို့  ဒီလို ပြောတာ။ အဲဒီလိုကောင်းမှု၊ မကောင်းမှုကို ခွဲခြား သိရမယ်”စသည်ဖြင့် လွန်ခဲ့တဲ့  ၁၃  နှစ်၊  ၂၀၀၉ ခုနှစ်က ဟောဖော်ညွှန်ပြ ဆိုဆုံးမတော်မူခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ ပါမောက္ခချုပ်ဆရာတော် ကြီးက   ‘သံသရာခရီးသွား     အမှားကိုမလုပ်မိစေနဲ့’ ဆိုတာ    ‘မကောင်းတဲ့အမှုတွေ    မလုပ်မိစေနဲ့လို့ ပြောလိုတာ။ အဲဒီအမှားကို လုပ်မိပြီဆိုလို့ရှိရင် ထို အမှားကပုံဖော်ပေးလိုက်တဲ့၊  ထိုအမှားကဖြစ်ပေါ်စေ တဲ့အကျိုးဟာ   အင်မတန်မှ   ဆိုးရွားတယ်ဆိုတာ ဝတ္ထုသာဓကနဲ့ကြည့်ရအောင်’လို့ မိန့်ကြားတော်မူ ပြီး အတိတ်က တစ်ခုသောဘဝမှာ ဆေးဆရာဖြစ် ခဲ့ပြီး ထိုက်သင့်တဲ့ ဆေးဖိုးဝါးခပေးရမှာစိုးလို့  မျက်စိ  ရောဂါသက်သာလာတာကို   မသက်သာဘူးဆိုပြီး လိမ်လည်လှည့်ဖြားတဲ့လူနာကို မျက်စိကန်းအောင် ဆေးခတ်ခဲ့မိလို့ ငရဲကျပြီး ဘဝအကြိမ်ကြိမ် မျက်စိ ကွယ်ခဲ့ရတဲ့အပြင် ယခုနောက်ဆုံးဘဝ ရဟန္တာဖြစ် တဲ့ဘဝမှာပါ   မျက်စိကွယ်ခဲ့ရတဲ့  အရှင်စက္ခုပါလာ မထေရ် ရဲ့ဘဝဇာတ်ကြောင်း။ 

တစ်ခုသောဘဝမှာ ချုံပုတ်ကြီးအတွင်း နိရောဓ သမာပတ်ဝင်စားနေတဲ့   ပစ္စေကဗုဒ္ဓါကို   ပထမ မသိလို့၊  နောက်တော့ အစဖျောက်မှပဲဆိုပြီး စေတနာ ဆိုးနဲ့ ချုံကိုမီးနဲ့တိုက်၊ ထင်းတွေပုံပြီး မီးဝိုင်းရှို့ခဲ့ကြ လို့ မျက်မှောက်ဘဝမှာ   မာဂဏ္ဍိမိဖုရားက   မီးရှို့ သတ်ခဲ့လို့ နန်းပြာသာဒ်ကြီးပါ မီးလောင်ပြီး  အခြံအရံ ၅၀၀ နဲ့အတူ   မီးလောင်သေဆုံးခဲ့ရတဲ့    ဥတေန မင်းကြီးရဲ့မိဖုရား သာမာဝတီရဲ့ဘဝဇာတ်ကြောင်း။ 

တစ်ခုသောဘဝမှာ သူဌေးသမီးဖြစ်စဉ် အနား မှာ ခိုင်းစရာလူမရှိတော့ ရင်းနှီးတဲ့ ရဟန္တာဘိက္ခုနီမ ကို   ခိုင်းမိတဲ့အပြင်   တစ်ခုသောဘဝမှာ  ခါးလေး နည်းနည်းကုန်းနေတဲ့ ပစ္စေကဗုဒ္ဓါကို ‘တို့ပစ္စေကဗုဒ္ဓါ က ဟောလိုလေး ကြွတာ’ဆိုပြီးတော့ ခါးလေးကုန်း ပြီး   ရယ်စရာလုပ်ပြခဲ့မိလို့   မျက်မှောက်ဘဝမှာ အလွန်ပညာထက်ခဲ့ပေမယ့်လည်း    ခါးကုန်းပြီး ကျွန်မဖြစ်ခဲ့ရတဲ့ ခုဇ္ဇုတ္တရာရဲ့ဘဝဇာတ်ကြောင်း။ 

အတိတ်ဘဝက   ဉာဏ်လေးတဲ့   ကိုယ်တော်ကို လှောင်ပြောင်ခဲ့တဲ့  မကောင်းမှုကြောင့်  မျက်မှောက် ရဟန္တာဖြစ်မယ့်ဘဝမှာ     ဂါထာလေးတစ်ပုဒ်ကို လေးလကျက်တာတောင်မရဖြစ်ခဲ့ရတဲ့ ရှင်စူဠပန္ထက ရဲ့ ဘဝဇာတ်ကြောင်း။ 

တစ်ခုသောဘဝ     ငှက်မုဆိုးဖြစ်စဉ်အခါမှာ ငှက်အရှင်တွေကို မပျံနိုင်အောင် ခြေထောက်တွေ၊ အတောင်ပံတွေချိုးထားခဲ့တဲ့    မကောင်းမှုဒုစရိုက် ကြောင့် မျက်မှောက် ရဟန္တာဖြစ်တဲ့ ဘဝမှာတောင် တစ်ကိုယ်လုံး အနာတွေပေါက်ပြီး ပုပ်ပွ၊ ပေါင်ကျိုးဖြစ်ခဲ့ ရတဲ့ ရှင်ပူတိဂတ္တတိဿမထေရ်ရဲ့ ဘဝဇာတ်ကြောင်း။ 

တစ်ခုသောဘဝ ကျောင်းထိုင်ဘုန်းကြီးဖြစ်စဉ် အခါမှာ အာဂန္တုရဟန္တာတစ်ပါးအပေါ်  မနာလိုဝန်တို စိတ်နဲ့  ကျောင်းဒကာအထင်မှားအောင် မှားယွင်းတဲ့ လုပ်ရပ်တွေ အမျိုးမျိုးကျူးလွန်ခဲ့မှုကြောင့် ရဟန္တာ ဖြစ်မယ့်  မျက်မှောက်ဘဝမှာတောင်   မစင်စားရတဲ့ ဘဝရောက်ခဲ့ရတဲ့ ဇမ္ဗုကရဲ့ဘဝဇာတ်ကြောင်း။ 

တစ်ခုသောဘဝမှာ ဇနီးသည်အမျိုးသမီးလုပ် သူက ရဟန္တာတစ်ပါးကို ‘ကြည့်၊ ကိုယ်တော်ကြီးက ပြုံးတယ်၊ ဇာတ်သမားနဲ့တူတယ်’လို့ပြောလိုက်တာကို ‘အေး၊ ဟုတ်မှာပေါ့ကွာ’လို့    ပြောလိုက်မိလို့ မျက်မှောက်ဘဝမှာ သူဌေးသားဖြစ်လျက်သားနဲ့ ကချေသည်   ဇနီးနောက်လိုက်ရင်း   ဇာတ်သမား ဖြစ်သွားရတဲ့ ဥဂ္ဂသေနရဲ့ဘဝဇာတ်ကြောင်း။ 

တစ်ခုသောဘဝ ရွှေပန်းထိမ်သည်ဖြစ်စဉ်အခါ က ဇနီးသည်နဲ့ စကားများစိတ်ဆိုးနေခိုက်  သူတာဝန် ယူထားခဲ့တဲ့        ကဿပဘုရားရဲ့    စေတီတော် တည်ဆောက်ပြီးစီးရေးအတွက်           လှူဒါန်းဖို့ လာရောက်နှိုးဆော်တဲ့ ရဟန္တာတစ်ပါးကို  ‘ကိုယ်တော် တို့ ဘုရားကို ရေထဲသာမျှောပစ်လိုက်’လို့ ပြောခဲ့မိတဲ့ အပြစ်ကြောင့် မျက်မှောက်ဘဝမှာ  အလွန်ထင်ရှား တဲ့ သူဌေးကြီးမဖြစ်ခင်  မွေးမွေးချင်း အိုးထဲထည့်ပြီး မြစ်ထဲမျှောခံခဲ့ရရှာတဲ့    ဇဋိလသူဌေးကြီးရဲ့   ဘဝ ဇာတ်ကြောင်း။ 

တစ်ခုသောဘဝ        နတ်သားဖြစ်စဉ်အခါမှာ အင်မတန်ရင်းနှီးပြီး အမြဲတမ်း ပူးတွဲပူးတွဲ သွားလာ လေ့ရှိတဲ့ ရဟန်းတော်နှစ်ပါးကို စိတ်ဝမ်းကွဲအောင် တစ်ပါးသော ရဟန်းတစ်ပါးအနီးမှာ အမျိုးသမီးပုံရိပ် ယောင်ဖန်တီးပြပြီး တစ်ပါးနဲ့တစ်ပါးအချင်းများပြီး ကွဲသွားအောင်လုပ်ခဲ့တဲ့          မကောင်းမှုကြောင့် မျက်မှောက်ရဟန်းဘဝမှာ သွားလေရာ သူ့နောက် မှာ    အမျိုးသမီးပုံရိပ်က   ထင်ဟပ်ပေါ်နေပြီး ပရိသတ်ကြားမှာ အထင်မှားခံရ၊ လှောင်ပြောင်ခံရနဲ့ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရတဲ့ ရှင်ကောဏ္ဍဓာန ရဲ့ ဘဝဇာတ်ကြောင်း။ 

တစ်ခုသောဘဝမှာ  ဘုရားကို  ပန်းတင်တဲ့ခုံပေါ် ကို    မရိုမသေ   မလေးမစားလုပ်ပြီး    ဖိနပ်စီးခဲ့လို့ မျက်မှောက်ဘဝမှာ   ခြေဖဝါးကို   ဓားနဲ့ခွဲခံရပြီး အသတ်ခံခဲ့ရတဲ့ ဗိမ္ဗိသာရမင်းကြီးနဲ့ တစ်ခုသောဘဝ မှာ သူများကို အစားအစာနဲ့ပတ်သက်ပြီး ပိတ်ပင်ခဲ့ လို့ မျက်မှောက်ဘဝမှာ ရဟန္တာဖြစ်သည့်တိုင်အောင် ငတ်ငတ်ပြတ်ပြတ်နဲ့  ဝအောင်မစားရဘဲ  ပရိနိဗ္ဗာန် စံမယ့်နေ့မှ  ဝအောင်စားလိုက်ရတဲ့  အရှင်လောက တိဿမထေရ်ရဲ့ ဘဝဇာတ်ကြောင်းတွေကို  ဝတ္ထု သာဓကအဖြစ်ထုတ်ဆောင်ပြီး   ဟောဖော်ညွှန်ပြ ဆိုဆုံးမတော်မူခဲ့ပါတယ်။

သတိသံဝေဂဉာဏ်ပွားများနိုင်ဖို့ 
ဟောကြားတော်မူ

တစ်ဆက်တည်းမှာပဲ ပါမောက္ခချုပ် ဆရာတော် ကြီးက မှားမှားယွင်းယွင်း တစ်ခုခုလုပ်ခဲ့မိလို့ခံရတဲ့ အကျိုးဆက်နဲ့ပတ်သက်ပြီး “ဒီနေရာမှာ တရား ချစ်ခင်သူတော်စင်   ပရိသတ်တို့ဟာ  စဉ်းစားမိလိမ့် မယ်။ သူ့မျက်လုံးတစ်လုံးပဲ ကန်းအောင်လုပ်ခဲ့တာ၊ ကိုယ့်ကျတော့ ဘာကြောင့်အကြိမ်ကြိမ်ကန်းရတုံး လို့၊ စေတနာစွမ်းအားတွေက နည်းတာမဟုတ်ဘူး။ ဆိုပါစို့၊  သရက်စေ့လေးတစ်စေ့ကို  စိုက်လိုက်တာ အပင်ဖြစ်လာတဲ့အခါကျတော့      သရက်သီးက ထောင်သောင်းမကသီးတာ မဟုတ်လား။ အဲဒီမျိုးလို ပဲ ကိုယ့်လုပ်ရပ်ကလေးဟာ တစ်ခုပဲဖြစ်စေ စေတနာ တွေက    မြောက်မြားစွာဖြစ်သည့်အတွက်ကြောင့် စေတနာတစ်ခု အကျိုးတစ်ခုပေးတာ၊ စေတနာ တစ်ခု ကြောင့် ငရဲကျတယ်။ နောက်စေတနာတစ်ခုကြောင့် မျက်စိကွယ်ရတယ်ဆိုတော့ မျက်စိပေါင်း မြောက်မြား စွာ ကွယ်ရတယ်ဆိုတဲ့ အကျိုးခံစားရတာပေါ့။  အေး၊    ဒါကြောင့်မို့ သံသရာခရီးသွားနေတဲ့အချိန်မှာ အမှား မလုပ်မိစေဖို့ သတိထားကြရမယ်”  လို့  သံသရာ ခရီးသွားတို့ပုထုဇဉ်လူသားတွေ  သတိသံဝေဂဉာဏ်    ပွားများနိုင်ဖို့  ဟောကြားတော်မူခဲ့ပါတယ်။
ကျေးဇူးတော်ရှင်အဘိဓဇ စံကင်းဆရာတော် ဘုရားကြီးကလည်း      ကံတရားနဲ့ပတ်သက်ပြီး “တစ်ခါတစ်ခါစဉ်းစားကြည့်ရင်    ကံတရားဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့လူတွေ      တစ်ယောက်နဲ့ တစ်ယောက် မတူအောင်စီမံထားတယ်။ တူတဲ့နေရာ တူပေမယ့် မတူတဲ့ အရာတွေက အများကြီးရှိတယ်။ ဒါကြောင့် ဘုရားရှင်က ‘ကမ္မံ သတ္တေဝိဘဇ္ဇတိ’လို့ ဟောတော်မူတာပဲ။  မိမိကိုယ်ကို မကောင်းအောင် လုပ်တာဘယ်သူလဲ။   မိမိအလုပ်ကိစ္စ  မိမိကံပဲ။ ဒါကြောင့် မကောင်းကျိုးကိုဖြစ်စေတတ်တဲ့ မိမိရဲ့ ကံညံ့ကံယုတ်များကိုသာ ကြောက်စရာလိုတယ်”လို့ ဆုံးမမိန့်ကြားတော်မူခဲ့ပါတယ်။
မောင်မြင့်အေးရေ ...
တစ်ခုသောဘဝမှာ အိမ်ကိုလာလည်တဲ့ ခင်ပွန်း ရဲ့မိတ်ဆွေတွေကို ဧည့်ခံကျွေးမွေးဖို့ အမဲဟင်းလျာ ဝယ်မရတာနဲ့ အိမ်မှာမွေးထားတဲ့ သိုးမတစ်ကောင် ကို     လည်ဖြတ်ပြီး      ချက်ပြုတ်ကျွေးမွေးခဲ့တဲ့ မကောင်းမှုကြောင့် ငရဲကလွတ်တဲ့အခါမှာတောင် ဒီမကောင်းမှု    ကံရဲ့အကျိုးဆက်ကြောင့်   သိုးမရဲ့ အမွေးအရေအတွက်အတိုင်း  ခေါင်းဖြတ်အသတ်ခံခဲ့ ရတဲ့   မလ္လိကာမိဖုရားကြီးရဲ့  ဘဝဇာတ်ကြောင်းက လည်း သံဝေဂယူစရာပဲနော်။


သတိကြပ်ကြပ်ထားဖို့လိုတယ်


ဒါကြောင့်မို့ သံသရာခရီးသွားတို့ ပုထုဇဉ်လူသား တွေအဖို့   မိုက်မဲသည့်အလျောက်၊   တွေဝေသည့် အလျောက်၊    မလိမ္မာသည့်အလျောက်   မှားမှားယွင်း ယွင်းမကောင်းတဲ့အလုပ်တွေကို ကိုယ်တိုင်လည်း မလုပ်မိကြစေဖို့၊ အလိုတူအလိုပါ၊ တိုက်တွန်းနှိုးဆော် စေခိုင်းခြင်းလည်း မပြုမိစေဖို့ သတိကြပ်ကြပ်ထားဖို့ လိုတယ်ကွယ့်။

“ဆိုးယုတ်စရိုက်၊ သူမိုက်ကျင့်ရာ၊ ကံဆယ်ဖြာ တွင်၊ ပါဏာတိပါတ်၊ သက်သတ်အမှု၊ ကိုယ်လိုပြုနှင့်၊ ပြုဟုသူက၊ တိုက်တွန်းကြ၍၊ ပြုရသောသူ၊ လိုတူ သောအား၊      မြစ်နိုင်ငြားလျက်၊   မတားမြစ်သူ၊ သုံးယောက်လူတွင် သတ်သူနိရယ၊ ငရဲကျ၏၊ သူက ခေါ်ရာ၊ ပါသူမှာမူ တိရစ္ဆာန၊ ဖြစ်ထမမှား၊ လိုတူအား ဖြင့်၊ မတားမြစ်သူ၊ ထိုလူမှာတုံ၊ ပြိတ္တာဘုံဟု၊ အာဂုံ ဖွင့်လှစ်၊ ထူးအပြစ်ကို၊ စင်စစ်မှန်စွာ၊ ကျမ်းရိုးလာ၏” စသည်ဖြင့်   “ပြုသူစေသူ၊   အလိုတူ၊   မှတ်ယူ ကံသုံးဆယ်” ဆိုပြီး မာဃဒေဝကျမ်းမှာလည်း  ဖွဲ့ဆို ခဲ့တယ်မဟုတ်ပါလား။        ။