သံပရာသီးရဲ့ အစွမ်းထက်အာနိသင်များ

၂၀  ဒီဇင်ဘာ

 

သံပရာသီးဟာ ဗီတာမင် စီ အရမ်းကိုကြွယ်ဝတဲ့ အရည်ရွှမ်းသီးဖြစ်ပါတယ်။ သူ့မှာ အမျှင်ဓါတ်နဲ့ ကယ်လ်စီယမ်၊ သံဓါတ်၊ ပိုတက်စီယမ်၊ ကော့ပါး၊ မဂ္ဂနီဆီယမ်တို့လို သတ္ထုဓါတ်တွေ ကြွယ်ဝစွာ ပါရှိတဲ့အပြင် အခွံမှာလည်း polyphenol (ပိုလီဖီနော်လ်) နဲ့ terpene (တာပန်း)တို့လို phytochemical (ဖိုင်တိုကမ်မီကယ်လ်) ဓါတ်တွေပါဝင်ပါတယ်။

 

မြန်မာ့ရိုးရာအစားအစာတွေမှာက အသီးအရွက်သုပ်လေးတွေစားလေ့ရှိကြတဲ့အခါ သံပရာသီးနဲ့ မန်ကျည်းသီးကို သုံးကြပါတယ်။ သံပရာသီးကမွှေးတာကြောင့် အနံ့အသက်ကိုလည်း ထိန်းပါတယ်။ အအီစာတွေ စားပြီးတဲ့အခါ ဒါမှမဟုတ်ခေါင်းမူးတဲ့အခါ သံပရာရေကိုဖျော်သောက်လိုက်ရင် ကြည်လင်းလန်းဆန်းစေနိုင်စွမ်းရှိပါတယ်။ ခရီးသွားရင်တောင်မှ သံပရာသီးလေး အိတ်ထဲ ဆောင်သွားရင်ပဲ ရှူဆေးဘူးမလိုတော့ပါဘူး၊ ကားမူးရင် ရှူလိုက်ရုံပဲ။ ဒီထက်မကတဲ့ နည်းလမ်း ပေါင်းစုံနဲ့ အသုံးဝင်လှတဲ့ သံပရာသီးက ကျန်းမာရေးအတွက်ရော ဘယ်လိုအကျိုးကျေးဇူးတွေ ရှိနေသလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။

 

Scurvy(စကာဗီ) ရောဂါ

 

သံပရာသီးက ဗီတာမင် စီ ချို့တဲ့မှုကြောင့်ဖြစ်ရတဲ့scurvy(စကာဗီ) လို့ခေါ်တဲ့ရောဂါကို ကုသနိုင်ပါတယ်။ ဒီရောဂါရှိနေရင် သာမန်အအေးမိဝေဒနာတွေ၊ မကြာခဏဖျားနာတာတွေ ကြုံနေရသလို နှုတ်ခမ်းကွဲတာ၊ ကျီးကန်းပါးစပ်အနာ၊ လျှာနဲ့ခံတွင်းထဲမှာ အနာလေးတွေဖြစ်တာတွေ ရှိလာတတ်ပါတယ်။ သွားဖုံးတွေ ရောင်နေတာ၊ သွေးယိုတာတွေ မကြာခဏဖြစ်တတ်ရင်လည်း ဆရာဝန်ပြပြီး စစ်ဆေးကြည့် သင့်ပါတယ်။

 

အသားအရေထိန်းသိမ်းမှု

 

ဆေးဖက်ဝင် သံပရာသီးကို အရည်ဖျော်သောက်လို့ရသလို အရေပြားမှာလည်း နည်းအမျိုးမျိုးနဲ့ သုံးလို့ရပါတယ်။ ဗီတာမင်စီကြောင့် အသားအရေကို အသစ်ပြန်လည်မွေးဖွားစေပြီး ရောဂါ ကူးစက်ခံရမှုကို ကာကွယ်ပေးတယ်။ ခန္ဓါကိုယ်ချွေးနံ့ကိုလည်း သက်သာလျော့ပါးစေပါတယ်။ သံပရာသီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ပဋိဇီဝ ပိုးသတ်အာနိသင်တွေပါဝင်တဲ့အတွက် အသားအရေမှာ အသုံးပြုတဲ့အခါ အရေပြားဆဲလ်သေတွေကို ပွတ်တိုက်ဖယ်ရှားရာမှာ အစွမ်းထက်ပါတယ်။ ဗောက်တွေ၊ အရေပြားနီမြန်းမှုတွေကိုလည်း သက်သာ ပျောက်ကင်း စေပါတယ်။ ရေချိုးတဲ့အခါ သံပရာရည်လေးနည်းနည်းထည့်ချိုးရုံနဲ့တောင် အသားအရေကို ရှင်းသန့်လန်းဆန်း စေနိုင်ပါတယ်။

 

အစာချေဖျက်နိုင်စွမ်း

 

သံပရာသီးက သင့်ခံတွင်းမှာ တံထွေးပိုထွက်စေနိုင်တဲ့ အတွက် အစာချေဖျက်မှုကို အထောက်အကူ ပေးပါတယ်။ သံပရာရဲ့သဘာဝအက်စစ်ဓါတ်နဲ့flavonoids(ဖလဖ်ဗိုနွိက်စ်) ဓါတ်တွေကြောင့် အစာချေ စနစ်ကို နှိုးဆွပေးပြီး အစာချေရည်နဲ့အက်စစ်တွေပိုထွက်စေပါတယ်။ ဒါ့ကြောင့်ပဲ အိန္ဒိယနဲ့ အိမ်နီးချင်း နိုင်ငံတွေမှာ ထမင်းစားတိုင်း သံပရာသီးသနပ်ပါဝင်ရတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။

 

ကိုယ်အလေးချိန်လျှော့ချခြင်း

 

သံပရာသီးတစ်လုံး ထည့်နှပ်ထားတဲ့ ရေနွေးတစ်ခွက်ဟာ ကိုယ်အလေးချိန်လျှော့ချရာမှာ အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်သလို ခေါင်းကြည်လန်းဆန်းစေတဲ့ ဖျော်ရည်တစ်မျိုးလည်း ဖြစ်ပါတယ်။ တစ်နေ့နှစ်ခွက် သောက်ရုံနဲ့ တစ်ပတ်အတွင်း သိသာတဲ့ရလဒ်ကိုရရှိနိုင်တယ်လို့ ဆိုကြပါတယ်။

 

ဝမ်းချုပ်ခြင်း

 

သံပရာသီးမှာပါတဲ့ အက်စစ်ဓါတ်က အစာချေလမ်းကြောင်းကို သန့်ရှင်းစေဖို့ အထောက်အကူပေးတဲ့ အပြင် ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေပါတယ်။ ဒါ့ကြောင့် သံပရာရည်ထဲ ဆားခတ်ပြီးများများ သောက်ချရင် သဘာဝ ဝမ်းနုတ်ဆေးအဖြစ်သုံးတာတွေလည်း ရှိပါတယ်။

 

ဆီးချိုသွေးချို

 

သံပရာသီးအပါအဝင် အချဉ်သီးတွေဟာ ဆီးချိုသွေးချိုဝေဒနာရှင်တွေအတွက် အရမ်းသင့်တော်တဲ့ အသီးအနှံ ဖြစ်တယ်လို့ အမေရိကန်ဆီးချိုသွေးချိုဆိုင်ရာအဖွဲ့ကြီးက ဆိုပါတယ်။ အမျှင်ဓါတ် ပါဝင်မှုများလို့ ခန္ဓါကိုယ်ရဲ့သကြားဓါတ်စုပ်ယူမှုကို ထိန်းညှိပေးပြီးသွေးတွင်း သကြားဓါတ်အတက်အကျ အန္တရာယ်အဆင့်မရောက်စေဖို့ကာကွယ်ပေးပါတယ်။

 

နှလုံးရောဂါ

 

သွေးတွင်းသကြားဓါတ်ကိုထိန်းညှိနိုင်တယ်ဆိုတဲ့ အမျှင်ဓါတ်ကြောင့်ပဲသွေးဖိအားကိုလည်းကျစေပြီး ကိုလက်စထရောတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင်သွေးကြောရောင်ရမ်းမှုတွေကို လျော့ပါး စေတာကြောင့် နှလုံးရောဂါ၊ နှလုံးလုပ်ဆောင်ချက်ရုတ်တရက် ရပ်ဆိုင်းခြင်းနဲ့ လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။

 

အသက်ရှူလမ်းကြောင်းရောဂါများ

 

Flavonoid (ဖလဖ်ဗိုနွိက်စ်) ကြွယ်ဝတဲ့သံပရာအဆီကို ပရုတ်ဆီ၊inhaler ရှူဆေး စတဲ့ သလိပ်ပျော်၊ ချွဲကြေစေတဲ့ ဆေးဝါးတွေ(သောက်သုံးရန်မဟုတ်)မှာ အသုံးပြုကြပါတယ်။ သံပရာခွံကိုခြစ်ပြီးရှူရင်ပဲ ရင်ကျပ်နဲ့ မအီမသာဖြစ်ခြင်းကို ချက်ချင်းသက်သာစေနိုင်ပါတယ်။

 

အဆစ်နာခြင်း

 

အဆစ်နာဖြစ်ရခြင်းရဲ့အကြောင်းရင်းတွေထဲက တစ်ခုက ခန္ဓါကိုယ်ထဲမှာ ယူရစ်အက်စစ်တွေများ နေလို့ဖြစ်ပါတယ်။ ယူရစ်အက်စစ်ဆိုတာ ခန္ဓါကိုယ်ထဲကနေ ဆီးနဲ့အတူစွန့်ထုတ်ဖယ်ရှားသင့်တဲ့ အရာတွေထဲ ပါဝင်ပါတယ်။ သံပရာသီးရဲ့ဆစ်ထရစ်အက်စစ် က ယူရစ်အက်စစ်တွေပျော်ဝင်နိုင်တဲ့ ပျော်ရည် တစ်မျိုးဖြစ်ပြီး ယူရစ်အက်စစ်တွေကို ဆီးနဲ့အတူပိုစွန့်ထုတ်နိုင်စေပါတယ်။

 

မျက်စိကျန်းမာရေး

 

ဗီတာမင်စီ ကြောင့်ပါပဲ မျက်စိအမြင်အာရုံကို ရင့်ရော်ခြင်း လက္ခဏာတွေနဲ့ မှုန်ဝါးခြင်းတို့အတွက် ကာကွယ်ပေးနိုင်ပါတယ်။

 

အဖျားကျစေခြင်း

 

ဖျားနေတဲ့ သူတစ်ယောက်အတွက် သံပရာရည်က အရမ်းကိုအထောက်အကူဖြစ်စေနိုင်ပါတယ်။ အရည်ရွှမ်းတဲ့ အချဉ်သီးတွေက အများအားဖြင့် အဖျားကျစေနိုင်တဲ့အာနိသင်ရှိတာက ဗီတာမင်စီ ကြွယ်ဝမှုကြောင့် သဘာဝအတိုင်း ခန္ဓါကိုယ်အပူချိန်ကို ကျစေတာဖြစ်ပါတယ်။

 

ဂေါက်ရောဂါ

ဂေါက်ရောဂါဖြစ်ရတဲ့ အဓိက အကြောင်းရင်းနှစ်ခုရှိပါတယ်။ ခန္ဓါကိုယ်ထဲ free radicals တွေ များနေတာရယ်၊ တခြားအဆိပ်အတောက်ဓါတ်တွေများနေတာရယ်(အထူးသဖြင့် ယူရစ်အက်စစ်)။ သံပရာသီးက ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ အဆိပ်အတောက်ဖယ်ရှားရေးဓါတ်(ဗီတာမင် C နဲ့flavonoid) တွေပါဝင်လို့ ဒါတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

 

ဆီးလမ်းကြောင်းရောဂါများ

 

ပိုတက်စီယမ် ကြွယ်ဝမှုကြောင့် ကျောက်ကပ်နဲ့ ဆီးအိမ်အတွင်း စုပုံနေတဲ့ အဆိပ်အတောက်ဓါတ် တွေကို ဖယ်ရှားရာမှာ ထိရောက်တဲ့ အာနိသင်ရှိပါတယ်။ ရောဂါပိုးတွေကို သေစေနိုင်တဲ့ အစွမ်းကြောင့်လည်း ဆီးလမ်းကြောင်းမှာပိုးဝင်ခြင်းကို ကုသပေးနိုင်ပါတယ်။ ဒါ့အပြင် အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ဖြစ်ပေါ်မှုကို တားဆီးပေးပြီး ဆီးလမ်းကြောင်းအတွင်း ကယ်လ်စီယမ်စုပုံခြင်းကြောင့် ပိတ်ဆို့မှုကို ရှင်းလင်းစေပါတယ်။

 

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်