သနပ်ပင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာ အကျိုးပြုမည့် ပဲခူး-စစ်တောင်းတူးမြောင်းဖြတ်ကျော်တံတား တည်ဆောက်ရန် မြေနေရာရွေးချယ်

ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ကျိုက်ပဒိုင်ကြီးကျေးရွာနှင့် ကျိုက်ပဒိုင်လေး ကျေးရွာချင်း ဆက်သွယ်မည့် ပဲခူး-စစ်တောင်း တူးမြောင်းဖြတ်ကျော်သံကူ ကွန်ရက်တံတား တည်ဆောက်ရန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်အောင်၊ သနပ်ပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်နှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၁၆ ရက်၌ ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ပြည်သူများနှင့်အတူ တံတားတည်ဆောက်မည့်မြေနေရာကို ရွေးချယ်သတ်မှတ်ကြကြောင်း သတင်းရရှိသည်။

 

အဆိုပါတံတားကို အလျားပေ ၁၂၀၊ အကျယ်ပေ ၁၆ နှင့် ရေလွတ်အမြင့်ပေ ၁၄ ရှိ သံကူကွန်ရက်ဖြင့် တည်ဆောက်မည်ဖြစ်ပြီး စုစုပေါင်းကျပ်သိန်း ၅၀၀ ကျပ်ခန့် ကုန်ကျမည်ဖြစ်ရာ ကျေးလက်ဖွံ့ ဖြိုးရေးရန်ပုံငွေ မတည်ငွေ ကျပ်သိန်းတစ်ရာနှင့် ကျန်လိုအပ်သည့်ငွေများအား ဒေသခံပြည်သူများနှင့် အလှူရှင်များက ထည့်ဝင်လှူဒါန်းကြမည်ဖြစ်ပြီး တံတားအား ၂၀၁၉ ခုနှစ် အောက်တိုဘာလ နောက်ဆုံးထား၍ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထိုတံတားပြီးစီးသွားပါက ကျိုက်ပဒိုင်ကြီး၊ ကျိုက်ပဒိုင်လေး၊ မိုးခိုင်ကြီး၊ မိုးခိုင်လေး၊ ကျိုက်မဲ၊ အနောက်တံခွန်တိုင်၊ စဉ့်အိုးဖို စသော ကျေးရွာ ၁၀ ရွာမှ ကျေးလက်နေပြည်သူများသည် စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး
စသောမည်သည့်ကိစ္စမဆို ပဲခူးမြို့၊ ကဝမြို့နှင့် သနပ်ပင်မြို့များသို့ ရာသီမရွေး လွယ်လင့်တကူ သွားရောက်နိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

 

တင်အောင်ဆန်း (သနပ်ပင်)