သံဖြူဇရပ်မြို့နယ်၌ ငွေကျပ် ၁၇၇ သန်းကျော် အကုန်အကျခံကာ ကျေးလက်ကုန်ထုတ်လမ်း (၂) လမ်း  ဖောက်လုပ်မည်

နေပြည်တော်   ၆  နိုဝင်ဘာ

သံဖြူဇရပ်မြို့နယ်တွင် တောင်သူများ၏ စိုက်ပျိုးသီးနှံများ ဈေးကွက်အတွင်းသို့ လွယ်ကူစွာသယ်ယူ ပို့ဆောင်နိုင်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၌ ကျေးလက်ကုန်ထုတ်လမ်း (၂)လမ်းအား ငွေကျပ် ၁၇၇ သန်း ကျော် အကုန်အကျခံကာ ဖောက်လုပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း (၂)လမ်းအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မူလရန်ပုံငွေဖြင့် ဖောက်လုပ်သွားမည်ဖြစ်ကာ ပငကျေးရွာ ဆားကွင်းကုန် ထုတ်လမ်းအား ငွေကျပ် ၁၂၃ ဒသမ ၁၇၅ သန်းနှင့် အံခဲကျေးရွာ ကျိုက်နဲဘုရားကုန်ထုတ်လမ်းအား ငွေကျပ် ၅၄ ဒသမ ၃ သန်း အကုန်အကျခံ ဖောက်လုပ်သွားမည်ဖြစ်၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လယ်ယာ၊ သားငါးနှင့် ထုတ်ကုန် ဧရိယာ ၂၈၈၀ ဧကနှင့် လူဦးရေ ၁၆၁၉၇ ဦး အကျိုးခံစားခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

 

ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်မည့် နေရာများအား မွန်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမောင်၊ ခရိုင်နှင့် မြို့နယ်တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး အကျိုးခံစားရမည့် ကျေးရွာသူ၊ ကျေးရွာသားများ၊ တောင်သူများနှင့် တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်စဉ် စောင့်ကြည့်ကြီးကြပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း များအတွက် ကြိုတင်ဆွေးနွေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း  သိရသည်။

စိုးဝင်းထွန်း(သတင်းစဉ်)