သန်းပေါင်းများစွာသောလူသားများသည် တောရိုင်းတိရစ္ဆာန်များအပေါ် အမှီသဟဲပြုနေ

 

သီဟစည်သူ

 

သဘာဝသယံဇာတအရင်းအမြစ်များကို အလွန်အကျွံသုံးစွဲနေခြင်းသည် စားနပ်ရိက္ခာ၊ စွမ်းအင်နှင့် ဝင်ငွေရရှိရေးအတွက် တောရိုင်းတိရစ္ဆာန်များအပေါ် မှီခိုနေရသည့် ကမ္ဘာပေါ်ရှိ ဘီလီယံပေါင်းများစွာသော လူသားများ၏ ရေရှည်ရှင်သန် ရပ်တည်ရေးအတွက် ခြိမ်းခြောက်မှု တစ်ခုပင်ဖြစ်ကြောင်း ကုလသမဂ္ဂဇီဝမျိုးစုံမျိုးကွဲများ ဆိုင်ရာပညာရှင်များက သတိပေးထားသည်။

 

ငါးဖမ်းခြင်းနှင့် သစ်ခုတ်ခြင်းမှသည် ဆေးဝါးနှင့် ရေမွှေးများအတွက် တောရိုင်းတိရစ္ဆာန်နှင့် အပင်များ အသုံးပြုခြင်းအဆုံး ကမ္ဘာတစ်ဝန်းရှိ လူ့အဖွဲ့အစည်းများသည် နှစ်စဉ်တရားဝင်နှင့် တရားမဝင် ကုန်သွယ်မှုများဖြင့် ဒေါ်လာဘီလီယံ ရာနှင့်ချီ၍ ရရှိနေကြသည်။

 

သို့သော် လူသားများသည် ဇီဝမျိုးစုံ မျိုးကွဲများ စိုးရိမ်ဖွယ်ရာ ဆုံးရှုံးနေခြင်းကို တွန်းအားပေးနေသကဲ့သို့ ရာသီဥတု ပြောင်းလဲမှုကို အရှိန်မြှင့်ရန် လုပ်ဆောင်နေသကဲ့သို့ပင် ဖြစ်လာနေသဖြင့် ကုလသမဂ္ဂဇီဝမျိုးစုံမျိုးကွဲများ သိပ္ပံ အကြံပေးအဖွဲ့ (IPBES) က တောရိုင်း မျိုးစိတ်များနှင့် လူတို့၏ ဆက်ဆံရေးတွင် “အသွင်ပြောင်းလဲမှုများ” ကို လုပ်ဆောင်ရန် တောင်းဆိုခဲ့ကြသည်။

 

 မျိုးသုဉ်းရန်အန္တရာယ်

 

ကမ္ဘာပေါ်ရှိ ဇီဝမျိုးစုံမျိုးကွဲများ၏ မျိုးစိတ်သန်းပေါင်းများစွာ မျိုးသုဉ်းရန် အန္တရာယ်ရှိကြောင်း ယခင်က သတိပေးခဲ့ ပြီးဖြစ်သည့်အပြင် ဇီဝမျိုးစုံများအား အသုံးချ၍ အလွန်အကျွံအမြတ်ထုတ်နေခြင်းကို ရပ်တန့်ခြင်းဖြင့် ကမ္ဘာ့ဇီဝမျိုးစုံ မျိုးကွဲကျဆင်းမှုလမ်းကြောင်းကို ပြောင်းပြန်လှန်ပစ်နိုင်ရန် အရေးကြီးကြောင်း၊ ထို့အတူ သဘာဝကို ကာကွယ်စောင့်ရှောက်ရာတွင် ဌာနေတိုင်းရင်းသားများ၏ အရေးပါသောအခန်းကဏ္ဍကို ချီးကျူးဂုဏ်ပြုရန် လိုအပ်ကြောင်း ကုလသမဂ္ဂ ဇီဝမျိုးစုံ မျိုးကွဲများ သိပ္ပံအကြံပေးအဖွဲ့က ဆိုသည်။

 

တောရိုင်းမျိုးစိတ်များသည် လူသားမျိုးနွယ်နှင့် သဘာဝဝန်းကျင်အတွက် လုံးဝအရေးပါနေပြီး ဇီဝမျိုးစုံမျိုးကွဲများသည် စားနပ်ရိက္ခာဖူလုံမှုအတွက် အဓိကအရင်းအမြစ်များပင် ဖြစ်သည်။ လူသား မျိုးနွယ်စု၏ ၄၀ ရာခိုင်နှုန်းခန့်သည် တောရိုင်းမျိုးစိတ်များအပေါ် တစ်နည်းနည်းဖြင့် မှီခိုနေရသည်ဟု ခန့်မှန်းထားပြီး ကျွမ်းကျင်သူများ ထင်ထားသည်ထက်ပင် များစွာပိုနိုင်ကြောင်း အကြံပေးအဖွဲ့၏ အစီရင်ခံစာကို ဦးဆောင်တင်ပြသူ ဂျင်းမတ် ဖရိုမန်တင်က ပြောကြားသည်။

 

စားနပ်ရိက္ခာနှင့် လောင်စာ

 

ယေဘုယျအားဖြင့် ဇီဝမျိုးစိတ်ပေါင်း ၅၀၀၀၀ခန့်ကို အစားအစာ၊ စွမ်းအင်၊ ဆေးဝါး၊ ပစ္စည်းနှင့် အခြားရည်ရွယ်ချက် များအတွက် အသုံးပြုကြပြီး အမျိုးအစား ပေါင်း ၁၀၀၀၀ ကျော်ကို လူသားများက စားသုံးရန်အတွက် အသုံးပြုကြသည်ဟု အဆိုပါအစီရင်ခံစာက ဆိုသည်။

 

တောရိုင်း အပင်များ၊ ရေညှိများနှင့် မှိုများသည် ကမ္ဘာတစ်ဝန်းရှိ လူငါးဦးလျှင် တစ်ဦးအတွက် အစားအစာနှင့် ဝင်ငွေကို ပေးစွမ်းနိုင်ပြီး လူဦးရေ ၂ ဒသမ ၄ ဘီလီယံခန့်သည် အစားအစာ ချက်ပြုတ် ရန်အတွက် သစ်ပင်များကို မှီခိုနေရသည်။

ကမ္ဘာ့ဆင်းရဲနွမ်းပါးသူများ၏ ၇၀ ရာခိုင်နှုန်းသည် ၎င်းတို့နှင့်ဆက်စပ်နေသော တောရိုင်းမျိုးစိတ်များနှင့် စီးပွားရေး လုပ်ငန်းများအပေါ် တိုက်ရိုက်မှီခိုနေရသည်ဟု ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲများ သိပ္ပံအကြံပေးအဖွဲ့က ခန့်မှန်းထားသည်။

 

သို့သော် ချမ်းသာသောနိုင်ငံများရှိ မြို့သူမြို့သားများကလည်း သတိမထားမိချိန်မှာပင် တောရိုင်းအပင်များကို ဆေးဝါး သို့မဟုတ် အလှကုန်များတွင် အသုံးပြုကြ သည့်အပြင် အစားအစာအတွက် ငါးများကို စားသုံးခြင်းနှင့် ပရိဘောဂများကို တောရိုင်းအပင်များမှ သစ်များ ရရှိစေလျက်ရှိသည်။ သုတေသနပြုချက်များအရ အရှေ့ဥရောပ၊ မြောက်အမေရိကနှင့် ဥရောပရှိ လူများအတွက် အဆင့်မြင့် စားသောက်ဆိုင်များတွင် တောရိုင်း အစားအစာများအား မြင့်မားသော ဈေးနှုန်းဖြင့်ပင် ဝယ်လိုအား များစွာတိုးလာနေသည်ဟုဆိုသည်။

 

သယံဇာတ ‘လုယက်မှု’

 

တောရိုင်းသစ်ပင်များသည် ကမ္ဘာ့စက်မှုသုံးကုန်ကြမ်းအဖြစ် အသုံးပြုသည့် သစ်သားပမာဏ၏ သုံးပုံနှစ်ပုံခန့်ရှိပြီး တောရိုင်းအပင်များ၊ ရေညှိနှင့် မှိုများ ရောင်းဝယ်ဖောက်ကားခြင်းသည် ဒေါ်လာဘီလီယံပေါင်းများစွာတန်သော လုပ်ငန်းအဖြစ် ကမ္ဘာ့ဈေးကွက်ဝင်နေသည်။

 

ထို့ကြောင့် မျိုးစိတ်များနှင့် ဂေဟစနစ်များကို အန္တရာယ်ပေးသည့် လိုအပ်ချက်များ မြင့်တက်လာခြင်းသည် ရေရှည် တည်တံ့သော ထောက်ပံ့ရေးချိတ်ဆက်မှု ကွင်းဆက်များ ပြတ်တောက်သွားနိုင်သဖြင့် ဒေသတွင်းလိုအပ်ချက်များနှင့် လိုက်လျောညီထွေဖြစ်စေမည့် ထိရောက်သောမူဝါဒများ ချမှတ်ရန်အတွက် “အရေးတကြီး” လိုအပ်ကြောင်း အစီရင် ခံစာက သတိပေးထားသည်။

 

တရားမဝင်ကုန်သွယ်မှု

 

အဓိကပြဿနာတစ်ခုမှာ တောရိုင်း မျိုးစိတ်များ တရားမဝင်ကုန်သွယ်မှု တန်ဖိုးသည် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၆၉ ဘီလီယံမှ ၁၉၉ ဘီလီယံကြား အထိရရှိနေပြီး လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးပြီးနောက် တတိယအကြီးဆုံး တရားမဝင် ဈေးကွက်ဖြစ်နေကြောင်း ကုလသမဂ္ဂဇီဝမျိုးစုံမျိုးကွဲများ သိပ္ပံ အကြံပေးအဖွဲ့က ထောက်ပြထားသည်။

 

တရားမဝင် တောရိုင်းတိရစ္တာန်နှင့် အပင်များ ရောင်းဝယ်ဖောက်ကားရာတွင် သစ်ပင်များ၊ ငါးများ၊ ရှားပါးတောရိုင်း တိရစ္ဆာန်များနှင့် သစ်ခွကဲ့သို့သော အပင်ငယ်များကိုပါ ပစ်မှတ်ထားလုပ်ဆောင်နေကြသဖြင့် ဇီဝမျိုးစုံမျိုးကွဲများ မျိုးသုဉ်း ပျောက်ကွယ်သွားစေမည့် ဆိုးရွားသော အကျိုးသက်ရောက်မှုများ ရှိနိုင်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းသည် နိုင်ငံများ၊ ဌာနေတိုင်းရင်းသားများနှင့် ဒေသခံ ပြည်သူများအား ၎င်းတို့၏ ကိုယ်ပိုင် အရင်းအမြစ်များနှင့် အသက်မွေးဝမ်း ကျောင်းဆိုင်ရာ လက်လှမ်းမီမှုကို လုယက်ခြင်းပင်ဖြစ်သည်ဟု အစီရင်ခံစာ က ဆိုသည်။

 

ကြီးပွားတိုးတက်စေသော လုပ်ငန်း

 

ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီ ကာလကတောရိုင်းမျိုးစိတ်များကို လေ့လာကြည့်ရှုခြင်းအပေါ် အခြေခံသည့် ခရီးသွားလုပ်ငန်းသည် ကမ္ဘာတစ်ဝန်းရှိ သဘာဝထိန်းသိမ်းရေး နယ်မြေများတွင် လာရောက်လည်ပတ်သူ ရှစ်ဘီလီယံခန့် ရှိပြီး နှစ်စဉ်ဒေါ်လာ ၆၀၀ ဘီလီယံရရှိစေ လျက်ရှိကြောင်း သိရသည်။

 

ယေဘုယျအားဖြင့် သဘာဝသယံဇာတ အရင်းအမြစ်များကို အလွန်အကျွံသုံးစွဲ ခြင်းသည် တောရိုင်းတိရစ္ဆာန်မျိုးစိတ်များ၊ ဂေဟစနစ်များ ရေရှည်တည်တံ့ရေးအတွက် အဓိကခြိမ်းခြောက်နေသည်။ ထို့ကြောင့် လူ့အဖွဲ့အစည်းများစွာသဘာဝ တရားအပေါ် များစွာလွှမ်းမိုးထားသောကြောင့် အထူးသဖြင့် ရာသီဥတု ပြောင်းလဲမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်း ကျဆင်းလာခြင်းတို့ကဲ့သို့သော ကြီးမားသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျပ်အတည်းများကို ဦးတည် ဖြေရှင်းသွားရမည် ဖြစ်သည်။

 

ကိုးကား -

Billions of people rely on wild species for food, fuel, income: UN