Snowdrop မင်းသမီး ကင်မီဆိုး ကွယ်လွန်

တောင်ကိုရီးယားမှာ လတ်တလောထုတ်လွှင့်ပြသလျက်ရှိတဲ့ ဇာတ်လမ်းတွဲရုပ်ရှင် Snowdrop မှာ ပါဝင် သရုပ်ဆောင်ထားတဲ့ မင်းသမီး ကင်မီဆိုး ရုတ်တရက်ကွယ်လွန်ခဲ့ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။ ဇန်နဝါရီ ၅ ရက်မှာ ကင်မီဆိုး ကွယ်လွန်ခဲ့ကြောင်း သတင်းတွေပေါ်ထွက်ခဲ့ပြီး သူ့ရဲ့ဖျော်ဖြေရေးအေဂျင်စီကလည်း ရုတ်တရက်ကွယ်လွန်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ကင်မီဆိုးဟာ ကွယ်လွန်ချိန်မှာ အသက် ၃၁ နှစ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

အေဂျင်စီရဲ့ ပြောကြားချက်အရ ကင်မီဆိုးရဲ့ အသုဘကို မိသားစုဝင်တွေနဲ့သာ ပြုလုပ်မှာဖြစ်ကြောင်းနဲ့ လက်ရှိမှာ မိသားစုဝင်တွေလည်း အတော်လေး စိတ်မကောင်းဖြစ်နေကြောင်း ပြောကြားခဲ့ပါတယ်။ သူကွယ်လွန်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ဖော်ပြခဲ့ခြင်းမရှိပါဘူး။

ကင်မီဆိုးဟာ ရုပ်သံဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပြီး Hi Bye Mama ၊ The School Nurse Files နှင့် Yumi's Cells စတဲ့ဇာတ်လမ်းတွဲတွေနဲ့ လူသိများခဲ့တာဖြစ်ပါတယ်။ လတ်တလော JTBC ရုပ်သံလိုင်းက ထုတ်လွှင့်ပြသလျက်ရှိတဲ့ ဇာတ်လမ်းတွဲရုပ်ရှင် Snowdrop ဟာ သူ့ရဲ့ နောက်ဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။ အဆိုပါဇာတ်လမ်းတွဲကို မထုတ်လွှင့်မီ ကပင် ရိုက်ကူးရေးအားလုံး ပြီးဆုံးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

အေးပြည့်