သံနှင့် သံမဏိပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီကို ဖွဲ့စည်းထားရှိပြီးဖြစ်၊ မြန်မာနိုင်ငံ၏ ရေမြေသဘာဝ၊ ရာသီဥတုနှင့် ကိုက်ညီမှုရှိသည့် မြန်မာ့စက်မှုဆိုင်ရာ စံချိန်စံညွှန်း MIS ကို သတ်မှတ်အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော်  ၂၃  ဇူလိုင်

မြန်မာနိုင်ငံ၌ လိုအပ်နေသော သံနှင့် သံမဏိပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီကို ဖွဲ့စည်းထားရှိခဲ့ပြီးဖြစ်ကာ မြန်မာနိုင်ငံ၏ ရေမြေသဘာဝ၊ ရာသီဥတုနှင့် ကိုက်ညီမှုရှိသည့် မြန်မာ့စက်မှုဆိုင်ရာ စံချိန်စံညွှန်း MIS ကို သတ်မှတ်အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချိုက ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း မေးမြန်းသည့် မြန်မာနိုင်ငံ သံနှင့် သံမဏိ ပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်းများအဖြစ် JIS ကို ကိုးကား၍ မြန်မာနိုင်ငံ ရာသီဥတု၊ သဘာဝ ဘေးအန္တရာယ်တို့နှင့် ကိုက်ညီအောင် ရေးဆွဲပြဋ္ဌာန်း ကျင့်သုံးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက “မြန်မာနိုင်ငံ၌ လိုအပ်နေသော သံနှင့် သံမဏိပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီကို ၁၉-၁၁-၂၀၁၈ ရက်နေ့တွင် ဖွဲ့စည်းထားရှိခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းဆပ်ကော်မတီကို မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်း (MISA) နှင့် မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်း(MSA)၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း(MEC)၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တက္ကသိုလ်များနှင့် နယ်ပယ်စုံမှ ကျွမ်းကျင်ပညာရှင်များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းလည်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ သဘာဝအခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေမည့် မြန်မာနိုင်ငံ စက်မှုဆိုင်ရာ စံချိန်စံညွှန်း(MIS)ကို အမြန်ဆုံးပေါ်ပေါက်လာစေရေးအတွက် သံနှင့် သံမဏိပစ္စည်းဆိုင်ရာ နည်းပညာဆပ်ကော်မတီနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း” ဖြေကြားခဲ့သည်။

အလားတူ ၄-၂-၂၀၁၉ ရက်နေ့တွင် သံနှင့် သံမဏိပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာ ဆပ်ကော်မတီမှ ဦးဆောင်ပြီး နိုင်ငံတကာ သံနှင့် သံမဏိပစ္စည်းဆိုင်ရာ စံချိန်စံညွှန်း အကြောင်းအရာများ ဆွေးနွေးပွဲကို စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်၌ ကျင်းပပြီးစီးခဲ့ပြီး ဆွေးနွေးပွဲ၏ ရလဒ်အဖြစ် သံနှင့် သံမဏိကဏ္ဍတွင် မြန်မာနိုင်ငံ စက်မှုဆိုင်ရာ စံချိန်စံညွှန်း(MIS) အမြန်ဆုံးပေါ်ထွက်လာရန် JISF မှ ကူညီထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (Cooperation Program) ကိုလည်း ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ခုနှစ်၊ ၂၀၂၁ ခုနှစ်အထိ သုံးနှစ်သတ်မှတ်ပြီး အကူအညီများ ပေးသွားမည်ဖြစ်ပါကြောင်း၊ 


လက်ရှိအသုံးပြုနေသည့် ASTM Standards များကို အချိန်ကာလ တစ်ခုအထိသာ ဆက်လက်အသုံးပြုရန် လိုအပ်မည်ဖြစ်ပြီး မိမိဒေသ သဘာဝနှင့် အနီးစပ်ဆုံးဖြစ်သည့် JIS စနစ်သို့ တဖြည်းဖြည်းချင်း၊ တစ်ဆင့်ချင်း ကူးပြောင်းသွားကြရမည် ဖြစ်ပါကြောင်း၊ သို့မှသာ JIS ကို အခြေခံသော မြန်မာသံမဏိဆိုင်ရာ စံချိန်စံညွှန်း MIS ကို အတည်ပြုသည့်အချိန်တွင် ကြုံတွေ့လာနိုင်မည့် အခက်အခဲများကို ရှောင်ရှားနိုင်မည် ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ သံနှင့်သံမဏိဆိုင်ရာ ကုန်သွယ်မှုကဏ္ဍ၌ ဒေသတွင်းနိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက်သည့်အခါတွင် စံသတ်မှတ်ချက်များနှင့် အနီးစပ်ဆုံး တူညီမှုရှိစေရေးနှင့် သဘာဝဘေးအန္တရာယ် ကင်းဝေးစေရေး၊ သံနှင့် သံမဏိ ပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာ ဆပ်ကော်မတီအနေဖြင့် မြန်မာနိုင်ငံ၏ ရေမြေသဘာဝ၊ ရာသီဥတုနှင့် ကိုက်ညီမှုရှိသည့် မြန်မာ့စက်မှုဆိုင်ရာ စံချိန်စံညွှန်း MIS ကို သတ်မှတ်အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေရှည်ပြည့်စုံကောင်းမွန်သော စံချိန်စံညွှန်းများ ဖြစ်စေရေးအတွက်လည်း JISF ၏ အကူအညီဖြင့် အထောက်အပံ့များယူကာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း မြန်မာနိုင်ငံ သံနှင့် သံမဏိ ပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်း အမြန်ဆုံး ပေါ်ထွက်လာစေရေးအတွက်လည်း အမျိုးသား စံချိန်စံညွှန်းကောင်စီနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

MDN