သံမဏိစက်ရုံ စီမံကိန်းများ ဆောင်ရွက်ပြီးစီးပါက ထပ်မံလိုအပ်လာမည့် ဝန်ထမ်းများကိုလည်းလက်ရှိအင်အားမှပင် ထုတ်နှုတ်၍ တာဝန်ပေးအပ်သွားမည်

နေပြည်တော်  ၁၉  ဒီဇင်ဘာ

 

စက်မှုဝန်ကြီးဌာနအနေဖြင့် လတ်တလော အခြေအနေအရ စက်ရုံများကို ရပ်ဆိုင်းထားရသော်လည်း ပုံမှန်လည်ပတ်မည်ဆိုပါက လက်ရှိဝန်ထမ်းများဖြင့်သာ ထုတ်လုပ်မှုဆောင်ရွက်သွားနိုင်ရေး၊ သံမဏိစက်ရုံ စီမံကိန်းများ ဆောင်ရွက်ပြီးစီးပါက ထပ်မံလိုအပ်လာမည့် ဝန်ထမ်းများကိုလည်း လက်ရှိအင်အားမှပင် ထုတ်နှုတ်၍ တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာ ၏ စက်မှုဝန်ကြီးဌာနတွင် ဖြစ်ပေါ်နေသော ဝန်ထမ်းပိုလျှံနေမှုကို အကျိုးရှိစွာ မည်သို့စီမံမည်ကို ရှင်းလင်းစွာ သိရှိလိုခြင်း မေးမြန်းမှုကို  ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက “ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးဌာန၏ လက်ရှိဖွဲ့စည်းပုံကို လျော့ချ၍ ၃၇၈၀၀ ဦးဖြင့် ပြင်ဆင်ရေးဆွဲလျက်ရှိပါကြောင်း၊ ထို့ကြောင့် လတ်တလော အခြေအနေအရ စက်ရုံများကို ရပ်ဆိုင်း ထားရသော်လည်း ပုံမှန်လည်ပတ်မည်ဆိုပါက လက်ရှိဝန်ထမ်းများဖြင့်သာ ထုတ်လုပ်မှု ဆောင်ရွက်သွားနိုင်ရေး၊ သံမဏိစက်ရုံ စီမံကိန်းများ ဆောင်ရွက်ပြီးစီးပါက ထပ်မံလိုအပ်လာမည့် ဝန်ထမ်းများကိုလည်း စက်မှုဝန်ကြီးဌာန၏ လက်ရှိ အင်အားမှပင် ထုတ်နှုတ်၍ တာဝန်ပေးအပ်သွားမည် ဖြစ်ပါကြောင်း” ပြောကြားသည်။

 
နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံများအား ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းခြင်းကို လည်းလက်တွေ့ကျကျ ပိုမို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံကို ပြင်ဆင်ဖွဲ့စည်း၍ လုပ်ငန်းများ သွက်လက် မြန်ဆန်စွာဖြင့် နိုင်ငံတော်အတွက် အကျိုးရှိစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အခြားသော ဝန်ကြီးဌာနများသို့လည်း သင့်လျော်သော ဝန်ထမ်းများအား ပြောင်းရွှေ့နေရာချထားပေးနိုင်ရေးကိုလည်း ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြန်လည်ဖြေကြားခဲ့သည်။

 

MDN