သန်လျင်မြို့နယ်အတွင်းတွင် ကျေးရွာချင်းဆက်လမ်း ၄ ဖာလုံကျော်အား ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း ဆောင်ရွက်ပေးသွားမည်

ရန်ကုန် ၁၆  ဇွန် 

 

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၄၆)ရက်မြောက် နေ့တွင် သန်လျင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း ၏ '' သန်လျင်မြို့နယ်အတွင်း ဆေးလုံးကြီးကျေးရွာနှင့် ချောင်းစောက်ကျေးရွာ၊ ကျေးရွာချင်း ဆက်လမ်းအား ကွန်ကရစ်လမ်းခင်းပေးနိုင်ခြင်း ရှိ/မရှိ၊ ဆောင်ရွက်ပေးနိုင်ပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်၊ မဆောင်ရွက်ပေးနိုင်ပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း” ကြယ်ပွင့်မေးခွန်းနှင့် စပ်လျဉ်း၍ မေးမြန်းရာတွင်  လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြန်လည်ဖြေကြားခဲ့သည်။

 

 

လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြန်လည်ဖြေကြားရာတွင် သန်လျင်မြို့နယ်မှ ဆေးလုံးကြီးကျေးရွာနှင့် ချောင်းစောက်ကျေးရွာ ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းမှာ စုစုပေါင်းအရှည် ၂ မိုင် ၄.၅ ဖာလုံ ရှိပြီး ၆ ဖာလုံမှာ ကွန်ကရစ် လမ်းဖြစ်ပါကြောင်း၊ ကျန် ၁ မိုင် ၆.၅ ဖာလုံမှာ (Wheel Track) ကွန်ကရစ်ဘီးလမ်းဖြစ်ပြီး Class A အမျိုးအစားဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အဆိုပါ ကွန်ကရစ်ဘီးလမ်း ၁ မိုင် ၆.၅ ဖာလုံအား ပြည်ထောင်စုဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဒုတိယ(၅)နှစ် စီမံကိန်း ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေး နှစ်မှာဆောင်ရွက်ရန် ရေးဆွဲတင်ပြထားသော်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ (၃)နှစ်စီမံကိန်းအတွင်းမှာ ဘဏ္ဍာငွေတင်ပြတောင်းခံသွားပြီး ၂၀၁၉ - ၂၀၂၀ ခုနှစ်အတွင်းမှာ ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့သည်။ အဆိုပါလမ်း ဆောင်ရွက်ပြီးပါက အိမ်ခြေ (၆၉၀)၊ လူဦးရေ(၂၃၆၁)ဦးတို့အား အကျိုးပြုမည်ဖြစ်ပါကြောင်း ၎င်းက ဆက်လက်၍ ပြောကြားခဲ့သည်။

 

နိုင်လင်းကျော်(ဒလ)