သန်းခေါင်စာရင်းကောက်ယူရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်

နိုင်ငံတစ်နိုင်ငံတွင် ကိန်းဂဏန်းအချက်အလက်မှန်ကန်ရေးသည် အလွန်အရေးပါသော ကိစ္စဖြစ်သည်။ လုပ်ငန်းကိစ္စ အရာရာတိုင်းတွင် ကိန်းဂဏန်း အချက်အလက်အထောက်အထားများ တိကျမှန်ကန်စွာ ရရှိနိုင်ပါက ထိုလုပ်ငန်း ကိစ္စရပ်များသာမက အစစအရာရာတွင် ပိုမိုအဆင်ပြေချောမွေ့မည်ဖြစ်သည်။ ထို့ကြောင့် ကိန်းဂဏန်းအချက်အလက်၊ သုတေသနမှတ်တမ်းများ စနစ်တကျ မှတ်တမ်းတင်ထားနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ကြသည်။

 

ကိန်းဂဏန်း အချက်အလက်များတွင် နိုင်ငံ၏ လူဦးရေသန်းခေါင်စာရင်းများ တိကျမှန်ကန်ရေးသည် အရေးကြီးသော အချက်ဖြစ်သည်။ လူဦးရေသန်းခေါင်စာရင်း မှန်ကန်ပါက နိုင်ငံ၏အရေးအရာ ကိစ္စများကို ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ပြီး အောင်မြင်မှုများရရှိနိုင်သည်။ လူဦးရေ သန်းခေါင်စာရင်းနှင့်ပတ်သက်၍ ကိုလိုနီခေတ်က နယ်ချဲ့အစိုးရက အလေးထားဆောင်ရွက်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေကို ရှေးမြန်မာဘုရင်များ လက်ထက်က သန်းခေါင်စာရင်းကောက်ယူသည့် အလေ့အထမရှိခဲ့သော်လည်း အခွန်တော်စ စ်တမ်းများအရ လူဦးရေကို ခန့်မှန်းခဲ့ကြသည်။

 

အောက်မြန်မာနိုင်ငံကို ဗြိတိသျှတို့သိမ်းပိုက်ပြီးနောက် ၁၈၇၂ ခုနှစ်တွင် ပထမအကြိမ် သန်းခေါင်စာရင်း ကောက်ယူခဲ့သည်။ ထို့နောက် ၁၈၈၁ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ ၁၀ နှစ်တစ်ကြိမ် သန်းခေါင်စာရင်းများ ကောက်ယူခဲ့သည်။ မြန်မာတစ်နိုင်ငံလုံး၏ သန်းခေါင်စာရင်းကို ၁၈၉၁ ခုနှစ်တွင် ကောက်ယူခဲ့ရာ၌ ထိုစဉ်က မြန်မာနိုင်ငံ၏ လူဦးရေသည် ၇ ဒသမ ၇ သန်းရှိသည်။ လွတ်လပ်ရေးရပြီး နောက် ၁၉၅၃ ခုနှစ်တွင် မြို့ပေါင်း ၂၅၂ မြို့နှင့် ၁၉၅၄ ခုနှစ်တွင် ကျေးရွာအုပ်စုပေါင်း ၂၀၀၀ ကျော်ကိုသာ သန်းခေါင်စာရင်းကောက်ယူနိုင်ခဲ့သည်။ ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်များတွင် မြန်မာတစ်နိုင်ငံလုံးအတွက် သန်းခေါင်စာရင်းများကို ပြည့်စုံစွာကောက်ယူနိုင်ခဲ့သည်။

 

ထို့နောက် သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိခဲ့ဘဲ ၂၀၁၄ ခုနှစ် တစ်နိုင်ငံ လုံး၏ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ကောက်ယူနိုင်ခဲ့ပြီး ယခုလာမည့် ၂၀၂၄ ခုနှစ်တွင် နောက်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူရန် အလှည့်ကျရောက် လာပြီဖြစ်သည်။ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနက ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် စီမံချက်ရေးဆွဲပြီး စီစဉ်ဆောင်ရွက်နေသည်ဟု သိရသည်။  သန်းခေါင်စာရင်းနှင့် ပတ်သက်သည့် လုပ်ငန်းစဉ် (၄) ရပ်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ ၅၁ လခန့်ဖြင့် လျာထားဆောင်ရွက်နေသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ  တာဝန်ယူစဉ်ကာလအတွင်း သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့ရောတောပါမကျန် စေ့စေ့ပေါက်ပေါက် ဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်၍ ကြီးမားကျယ်ပြန့် ခက်ခဲနက်နဲပေသည်။ ထို့ကြောင့်လုပ်ငန်းများအား ပြီးစီးနိုင်သမျှ ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် မှန်ကန်သော ဦးဆောင်လမ်းညွှန်မှု၊ လိုအပ်သော ပေါင်းစပ်ညှိနှိုင်းမှုများ ပြုလုပ်ပေး နိုင်ရေးအတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်နှင့် ဗဟိုသန်းခေါင်စာရင်းကော်မတီ ဖွဲ့စည်းထားပြီး သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူရာတွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များအား ကဏ္ဍအလိုက် အချိုးညီညီ ဖွံ့ဖြိုးတိုးတက်ရန် မူဝါဒချမှတ်ခြင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် စီမံကိန်းများ ချမှတ်ရေးဆွဲ အကောင်အထည်ဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံအသုံးပြုရသည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို လူဦးရေသန်းခေါင်စာရင်းများမှသာ ရရှိနိုင်မည်ဖြစ်သည်။ မျက်မှောက်ကာလတွင် လူဦးရေသန်းခေါင်စာရင်းသည် လူဦးရေကိန်းဂဏန်းရရှိရန်သာမက ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ မွေးနှုန်း၊ သေနှုန်း၊ သက်ကြီးရွယ်အို၊ မသန်စွမ်း၊ ပြောင်းရွှေ့သွားလာမှု၊ အိမ်အကြောင်းအရာ စသည့်လူမှုစီးပွားဆိုင်ရာ အချက်အလက်များကို ကောက်ယူကြသည်။

 

သို့ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ၏ ပကတိတည်ရှိနေသော ကိန်းဂဏန်းအချက်အလက်များ မှန်မှန်ကန်ကန် တိတိကျကျ ရရှိနိုင်ပါက ထိုတိုင်းပြည်နှင့်လူမျိုးအတွက် အကျိုးစီးပွားများဖြစ်ထွန်းမည်ဖြစ်၍ မကြာမီကာလ၌ အသစ်ထပ်မံ ကောက်ယူမည်ဖြစ်သော လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများအား တစ်နိုင်ငံလုံး လွှမ်းခြုံကာ အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။

 

ကြေးမုံ