သင်္ကြန်ရင်ခုန်သံအစီအစဉ် (အပိုင်း-၁) ‘သင်္ကြန်မိုး’ ရုပ်ရှင်ဇာတ်ကား စကားဝိုင်းဆွေးနွေးပွဲ

မှတ်တမ်း - စန္ဒာမင်း (ပြန်/ဆက်)

ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကြောင့် မြန်မာ့ရိုးရာသင်္ကြန်ကာလအတွင်း မဏ္ဍပ်များနှင့် ဖျော်ဖြေပွဲများ ရပ်ဆိုင်းထားချိန်တွင် ပြည်သူများ အပန်းဖြေကြည့်ရှုနိုင်ရန်အတွက် မြန်မာ့ရိုးရာသင်္ကြန်၏ ပုံရိပ်ကို ထင်ဟပ်စေသည့် သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကား၌ ပါဝင်ခဲ့ကြသော အနုပညာရှင်၊ အတတ်ပညာရှင်များ၏ စကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား၌ ထုတ်လွှင့်ပြသခဲ့ပါသည်။

 

jsd


အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် အစီအစဉ်မှူး အဖြစ် သင်္ကြန်မိုးဇာတ်ကား ထုတ်လုပ်ခဲ့သည့် ရီမြင့် ရုပ်ရှင်ထုတ်လုပ်ရေးမှ ဦးဇော်မြင့်၊ ရိုက်ကွင်းမန်နေဂျာ အဖြစ် ဆောင်ရွက်ခဲ့သူ အကယ်ဒမီ ဒါရိုက်တာစင်ရော် မောင်မောင်၊ သရုပ်ဆောင် အကယ်ဒမီ နေအောင်နှင့် ဇာတ်ဝင်တေးသီချင်းသီဆိုသူ ဦးသန်းမြတ်စိုးတို့၏ ပါဝင်ဆွေးနွေးခဲ့မှုများကို ဖော်ပြလိုက်ရပါသည် -


ဦးဇော်မြင့်
အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ လူလည်း စုံပြီဆိုတော့ သင်္ကြန်မိုးဇာတ်ကားရဲ့ ရှေးဟောင်း နှောင်းဖြစ်လေးတွေ စလိုက်ရအောင်ပေါ့။ အဲဒီတော့ ရိုက်ကူးထုတ်လုပ်ရေးဖြစ်စဉ်အနေနဲ့ ကိုမောင်က အသိဆုံးမို့လို့ ကိုမောင်ပဲ စပြီးတော့ ပြောပေးစေချင် ပါတယ် ခင်ဗျ။


အကယ်ဒမီ စင်ရော်မောင်မောင်
အားလုံးမပြောခင် ဒီသင်္ကြန်မိုးရဲ့ ဝိညာဉ်ကို စတင် သွင်းခဲ့တဲ့ ကျွန်တော်တို့ခေါင်းကိုင်ဆရာ ဆရာဦးတင်ဦး ကို ကျွန်တော် ဒီကနေပြီးတော့ ဂါရ၀ပြုပါတယ်။ ကျွန်တော် လွစ္စလမ်းအခန်းထဲမှာ သင်္ကြန်မိုးရဲ့ ဦးတင်ဦး ရဲ့ အိပ်မက်ကို ကျွန်တော်ရယ်၊ ကိုဇော်မြင့်ရယ်၊ မီးပွား ရယ် တိုင်ပင်ပါတယ်။ ဦးတင်ဦးဆွဲလာတဲ့ သူစီစဉ်လာတဲ့ စက်ရယ်၊ Chart ရယ်၊ Production ဟာ ကျွန်တော့် ဘ၀မှာ လုံး၀တစ်သက်လုံးမမေ့လောက်အောင် ပညာ အလွန်ပြည့်စုံတဲ့ Production Chart ပါ။ အဲဒီမှာ သီချင်း တွေကို ဘယ်လိုလုပ်မယ်။ ဆက်တင်တွေ ဘယ်လို လုပ်မယ်ဆိုတဲ့ သူ့ရဲ့ အိပ်မက်ကို တဖြည်းဖြည်း ထည့် သွင်းတာပါ။ အဲဒီတော့ ကျွန်တော်တို့ သရုပ်ဆောင်အဖြစ် ဦးနေအောင်ကို စရွေးတယ်။ ဒေါ်ခင်သန်းနုကို ရွေးတယ်။ ကိုဇင်ဝိုင်း သူ့ရဲ့ တပည့်အရင်း ခေါက်ခေါက် ကို သူရွေးတယ်။ ကျွန်တော်တို့နဲ့အတူ ၁/၈၄ က မေသန်းနုအဖြစ် ဖြစ်လာမယ့် သန်းသန်းဆင့်ကို သူရွေး ပါတယ်။ လေးလေးကိုလည်း ရွေးပါတယ်။ အဲဒီကနေ နောက် မန္တလေးမြို့မှာ အခြေစိုက်ပြီးတော့ လုပ်ဖို့အတွက် သီချင်းတွေဖန်တီးဖို့ ဖြစ်လာပါတယ်။ ဒီသင်္ကြန်မိုးက အဲဒီခေတ်တုန်းက အကုန်ဆုံးပဲ။ ဘယ်လောက်ကုန်ကုန် ဆိုတဲ့ Blank Cheque လက်မှတ်ကို ကိုဇော်မြင့်ရဲ့အမေက ကိုဇော်မြင့်နဲ့ ကျွန်တော်ကို ပေးတယ်။ အဲဒီအချိန်က တစ်ကျပ်ဆိုတာ သိပ်တန်ဖိုးရှိတဲ့ အချိန်မှာ တစ်နေ့ ၅၀၀၀ သုံးပြီး ရက်ပေါင်းကို လချီပြီးတော့ကျော်အောင် ရိုက်ခဲ့ရတာပါ။ ကျွန်တော်တို့ ဒီကားကို တကယ့်ကို စန္ဒရားငြိမ်းမောင်အဖြစ် တစ်နိုင်ငံလုံးရဲ့ အသည်းနှလုံး ကို ဆုပ်ကိုင်သွားနိုင်တဲ့ ကိုနေအောင် အဓိကသရုပ်ဆောင် ပေါ့။ ကိုနေအောင်ကပဲ ဒီဟာကို ပြောပြပါဦး။


အကယ်ဒမီ နေအောင်
သင်္ကြန်မိုးကတော့ ကျွန်တော်တို့က စရိုက်မယ် ဆိုတည်းက ကိုပါကြီးက ပြောပါတယ်။ ဒီမှာ စာရေး ဆရာကြီး မြို့မငြိမ်းပုံစံ ဖြစ်အောင်ဆိုတော့ စာရေး ဆရာကြီး မြို့မငြိမ်းကို မမြင်ဖူးလိုက်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က မိသားစုနဲ့ တွေ့ပြီးတော့ အဲဒီဓာတ်ပုံတွေ ကို ကြည့်ရတယ်။ နီးပါးပေါ့။ လုံး၀မဟုတ်တာတောင် နီးပါးဖြစ်အောင် ကျွန်တော်တို့ ကြိုးစားခဲ့ရတယ်။ ပြီးတော့ ဆရာကြီးရဲ့ နေပုံထိုင်ပုံ၊ ပြောဟန်ဆိုဟန် ဒါလေးတွေ ကျွန်တော်လေ့ကျင့်ရပါတယ်။ စန္ဒရားကတော့ ကျွန်တော် မတီးတတ်ပါဘူး။ ဒါပေမယ့် လက်ကွက်လေး တစ်ကွက် နှစ်ကွက်ကတော့ ကျွန်တော်အပိုင်ကျင့်ပြီးတော့ ကျွန်တော့် လက်ကနေ Pan သွားတဲ့အခါမှာလေ။ ဒါကလည်း ထုတ်လုပ်သူများလည်း စိတ်ကြိုက်ဖြစ်အောင် ကျွန်တော် တို့လည်း ကြိုးစားရမှာပေါ့။ အဲဒါလေး ရိုက်ခဲ့တယ်။ အခက် အခဲဖြစ်တာတစ်ခုကျတော့ ဒီလူအုပ်တွေကလည်းများတာ ကိုး။ အဲဒီအချိန်မှာလည်း ဦးနေအောင်တို့၊ ခင်သန်းနုတို့ အကုန်လုံးချစ်ကြတာပေါ့လေ။ လူတွေကအုံပြီး ခဏ ခဏ တည်အိမ်ပစ်ရတာ။ Producer မှာ Financier ငွေထုတ်သူမှာ တော်တော်လေး အကုန်အကျ များပါ တယ်။ နောက်မှ တောင်းပန်ပြီးတော့ ရိုက်ရတယ်။ နောက်ဆုံးအခန်းက အဆိုးဆုံးပဲ။ ည ၂ နာရီခွဲမှာမှ ရိုက် ရတော့တာ။ ကျွန်တော်တို့ သင်္ကြန်မကျခင်ကတည်းက ကျွန်တော်တို့ သင်္ကြန်မိုးကို ဆင်ပြီးတော့ ရိုက်ပါတယ်။ မြို့တော်၀န်မဏ္ဍပ်ကြီးကို အစောကြီးကတည်းက သွားပြီး တော့။ သင်္ကြန်တွင်းမှာလည်း အစစ်ရိုက်ပါတယ်။ သင်္ကြန် ပြီးတော့လည်း မဖျက်ပါနဲ့ဦးဆိုပြီး ဆက်ရိုက်နေရတယ်။ အဲဒီကျမှ ဒီကားကြီးက အောင်မြင်စွာနဲ့ ပြီးပါတယ်။ အခက်ဆုံးအခန်းကတော့ အဲဒါပေါ့လေ။ ပြန်ကြည့်ပြီး လူကြားထဲကနေပြီးတော့ အနုပညာသည်ရဲ့ သားဟာ အနုပညာသရုပ်ဆောင်ဘွဲ့ရ ရမယ်ဆိုတဲ့ အဲဒီမျက်နှာပေါ် ရမယ်တဲ့ ဦးတင်ဦးက။ ဟုတ်ပြီဆရာ ဟုတ်ပြီ။ မဟုတ် သေးဘူးတဲ့။ နောက်တစ်ခါ။ တစ်ချိန်တစ်ခါက ခင်ခင်ထား ကိုလည်း မင်းမှာ လွမ်းရိပ်လေးတွေ ပါရမယ်။ အများကြီး မဟုတ်ဘူးနော် ပါးပါးပဲ လုပ်ပြန်ရော။ နောက်ဆုံးတစ်ခု ကကျတော့ တန်ခူးမည် မှတ်ဖက်ဆွတ်ရေတိုးသင်္ကြန်မိုး ဒါကို ကြည့်ပြီးတော့မှ ကျေနပ်တာ။ ကျွန်တော်တို့ရဲ့ မဟာသင်္ကြန်ရဲ့ အတာသင်္ကြန်ပွဲတော်ကြီးက အောင်မြင်စွာ ပြီးပြီဆိုတာ ထွက်သွားရမှာတဲ့။ လူအုပ်ထဲကနေပြီး တော့။ ကျွန်တော်လုပ်ရတာ တော်တော်လေး ခက်ပါတယ်။ သို့သော်လည်းပဲ အတတ်နိုင်ဆုံး၊ အပီပြင်ဆုံးဖြစ်အောင် တော့ ကြိုးစားခဲ့ပါတယ်ခင်ဗျာ။


အကယ်ဒမီ စင်ရော်မောင်မောင်
Music နဲ့ ပတ်သက်လို့က ဆရာမြို့မငြိမ်းရဲ့ ကမ္ဘာတည် သရွေ့ရှိနေတဲ့ ဒီသီချင်းတွေပေါ့နော်။ မြူမှုန်ဝေကင်းတို့၊ သင်္ကြန်နွေဦး တူးပို့တူးပို့အပါအ၀င် သီချင်းတွေအားလုံးကို ဆရာကြီးမြို့မ ကိုပေါနဲ့ ပတ်သက်လို့ကော ဆရာအဉ္ဇလီ ရော အားလုံးပြောပြပေးပါ။


ဦးဇော်မြင့်
သီချင်းရွေးတော့ ရွေးပါတယ်။ ကိုဟန်တင်တို့လည်း ပါတယ်။ ကိုဟန်တင်လည်း ရွေးတယ်။ ဆရာပေါလည်း ရွေးတယ်။ ကျွန်တော့်အစ်ကို အဉ္ဇလီမောင်မောင််ပေါ့။ မောင်မောင်မဇ္စျိမလှိုင်း ဆရာကြီးလည်းပါတယ်။ ဝိုင်းရွေး ကြတာပေါ့လေ။ ကိုသန်းမြတ်စိုးကတော့ ထဲထဲ၀င်၀င်ပါ တယ်။ သီချင်းတွေကလည်း တစ်သက်လုံး ဒီသီချင်းတွေ၊ သင်္ကြန်သီချင်းတွေရဲ့ကြားထဲမှာ နေလာတော့ ကိုသန်း မြတ်စိုးပဲ ဆိုဖို့ဖြစ်လာတာပေါ့။ အဲဒီတော့ သီချင်းဆိုတဲ့ အကြောင်းနဲ့ ပတ်သက်ပြီးတော့ ကိုသန်းမြတ်စိုး ပြောပါဦး။


တေးသံရှင် သန်းမြတ်စိုး
သင်္ကြန်သီချင်းဆိုတော့လည်း သင်္ကြန်နှစ်တိုင်းနှစ်တိုင်း မြို့မအသင်းနဲ့ လည်ခဲ့ပါတယ်။ မန္တလေးသားတစ်ယောက် အနေနဲ့ပေါ့။ အဲဒီတော့ မန္တလေးကနေပြီးတော့ ရန်ကုန်ကို ပြောင်းသွားတဲ့အခါမှာလည်း မန္တလေးစင်ရော်တေးသံသွင်း ကနေပြီးတော့ နှစ်တိုင်းနှစ်တိုင်း သင်္ကြန်သီချင်းများကို ထုတ်လေ့ရှိပါတယ်။ ကိုဇော်မြင့် ထုတ်တယ်။ ကိုမောင်မောင် လည်း အသိပဲ။ မန္တလေးစင်ရော်တေးသံသွင်းကနေပြီးတော့ ၁၉၈၅ ခုနှစ်မှာ မြူမှုန်ဝေကင်းမဖြစ်သေးဘူး။ အေးတဲ့ရေ သီချင်းကို ထည့်ပြီးဆိုလိုက်ပါတယ်၊ ဆရာပေါရဲ့ စီစဉ်မှုနဲ့။ ဆိုလိုက်ပြီးတော့ သင်္ကြန်သီချင်းကို သင်္ကြန်သီချင်းစီးရီး ထဲမှာ ပါပါတယ်။ အဲဒီထဲကနေ ကိုဇော်မြင့် နှစ်ခြိုက်သွား တယ်။ နှစ်ခြိုက်သွားပြီးတော့ ဒီသီချင်းကို သင်္ကြန်မိုး ဇာတ်ကားရဲ့ Title အဖြစ် အဲဒီအချိန်တုန်းက ဒါလေးသုံးချင် တယ် ဆိုပြီးတော့ ကိုတင်ဦးနဲ့ တိုင်ပင်ပြီးတော့ ဒီသီချင်းကို ရွေးချယ်ခဲ့ပါတယ်။ Arrangement လည်း မတူဘူး။ ဘာလို့ လဲဆိုရင် အရင်တုန်းက Key F နဲ့ ဆိုခဲ့ရပါတယ်။ မြို့မ အသင်းနဲ့ အဲဒီမှာ မန္တလေးက Musicians နဲ့သွင်းတဲ့အချိန် က ဒီသီချင်းက ကြိုးသီချင်းဖြစ်နေတော့ ဒါ ငါးပေါက်သံနဲ့ ဆိုခဲ့တာပေါ့။ ကိုတင်ဦးကနေပြီးတော့ ကိုသန်းမြတ်စိုးရေ အသံနည်းနည်းမြှင့်ကြည့်ရအောင်ကွာဆိုပြီးတော့ တစ်ခါ တည်း သူပြောတာနဲ့ တစ်ခါတည်း F ကနေ G တစ်သံမြင့် သွားတယ်။ G ကနေ တစ်ခါထပ်ပြီး Half Note ထပ်ပြီး တင်လိုက်သေးတယ်။ တင်လိုက်တဲ့ အခါကျတော့ G- Sharp, A-Flat ခေါ်တယ်။ G-Sharp, A-Flat ထိကို တင်ပြီး တော့ တစ်သံခွဲတင်ပြီးတော့ကို ဆိုလိုက်ရပါတယ်။ ဆိုလိုက် တော့လည်း ပိုပြီးတော့ အသံပွင့်လင်းသွားတယ်။ ပို၍ ဆိုလို့လည်း ပိုကောင်းတယ်။ နားထောင်ရတာလည်း အရသာအလွန်ရှိသွားတယ်။ ကျွန်တော်နဲ့လည်း Key အလွန်ကိုက်သွားတဲ့အတွက် ဒီသီချင်းက အလွန်ကို အောင်မြင်ရပါတယ်။ ဒီသီချင်းနဲ့ပတ်သက်ပြီးတော့လည်း ခဏခဏ တီဗွီရိုက်ရတယ်။ ဟိုက တောင်းဆို၊ ဒီက တောင်းဆိုနဲ့ နှစ်ပေါင်းများစွာ ခုအချိန်ထိအောင် ဒီသီချင်းက အောင်မြင်ကျော်ကြားတဲ့ သီချင်းပါပဲ။ ဒီသီချင်းရဲ့ မူလအရင်းအမြစ်ကတော့ စံရာတောင်ကျွန်း သီချင်းပါ။ စံရာတောင်ကျွန်းလို့အမည်ရတဲ့ ကြိုး ၁၃ ပုဒ်ထဲက မြန်မာ့ မဟာဂီတထဲက သီချင်းကို အခြေခံပြီး တော့ မြို့မငြိမ်းနဲ့ Contemporary ပေါ့။ သူတို့ခေတ်က ဆရာလေးလေးရင်ပေါ့။ သူကနေပြီးတော့ ဒါကို ရေးသား ခဲ့ပါတယ်။ စာသားလေးတွေ၊ သင်္ကြန်စာသားတွေ ပြောင်းလိုက်တာပေါ့။ ဒါပေမယ့် ကျွန်တော်က ဆိုတဲ့ အချိန်မှာကျတော့ သီချင်းကြီးပုံစံနဲ့ ကျွန်တော် မဆို ပါဘူး။ ကျွန်တော့်ရဲ့ မူပုံစံလေးနဲ့ ဒီသီချင်းလေးကို ကျွန်တော်က နည်းနည်းလေး ပြုပြင်ပြီး တော့ ကျွန်တော် ဆိုလိုက်တဲ့အခါမှာ ဒီသီချင်းက ပို၍ ပို၍ ပိုပြီးခန့်သွား တာပေါ့။


အကယ်ဒမီ နေအောင်
နားသောတဆင်ရတာလေ အေးပြီးငြိမ်နေတာပဲ။


တေးသံရှင် သန်းမြတ်စိုး
ကျွန်တော် တချို့နေရာတွေမှာ နည်းနည်းလေး ပြောင်းဆိုပါတယ်။ စံရာတောင်ကျွန်းနဲ့ မတူအောင်ပေါ့။


အကယ်ဒမီ စင်ရော်မောင်မောင်
အဓိကကတော့ ဇာတ်သိမ်းသီချင်း၊ အဉ္ဇလီ မောင်မောင်ရဲ့ သင်္ကြန်မိုးသီချင်းပေါ့။ နိုင်ငံတော် သီချင်းဆန်ဆန်ထိ ဖြစ်သွားတာပေါ့။ ဒါလည်း ဒီသင်္ကြန်မိုး ဇာတ်ကားမှာ ကိုမောင်မောင်ဟာ ကိုနေအောင်ရဲ့ အကောင်းဆုံးသရုပ်ဆောင်သွားတဲ့ အခန်းမှာ ဇာတ်သိမ်းမှာ မေသန်းနုက ကနေတယ်။ ဇင်ဝိုင်းက တီးနေတယ်။ ခင်သန်းနုက ကြည့်လိုက်တဲ့ အကြည့်၊ ကိုနေအောင်က ကျေနပ်သွားတဲ့အကြည့်။ အဲဒီတုန်းက ကိုဇော်မြင့်က မန္တလေးဗုံတွေ၊ မန္တလေးက ပစ္စည်းတွေအကုန် ရန်ကုန်သယ်လာတယ်။ ပြီးတော့ တီးတဲ့ ဦးလေး ဦးထွန်းရင်တို့ကိုပါ ခေါ်ပြီးတော့ ရထားတွဲနဲ့ လာပြီး လင်းစတူဒီယိုမှာ သွင်းတယ်။


ဦးဇော်မြင့် (ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေး)
ဒိုးသံက မန္တလေးဒိုးသံနဲ့ မန္တလေးမှာ ကျက်တဲ့ သားရေနဲ့က အထူနဲ့အပါးနဲ့ ရှိတယ်လို့ ပြောတယ်။ ကျွန်တော်တို့က ကျန်တာကတော့ တူတူပဲ။ ရန်ကုန် ကတောင် ပိုကောင်းမယ်။ ဗုံနဲ့ ဘာနဲ့ ဋ္ဌာန်ကရိုဏ်းကျ တာကတော့ မန္တလေးက တီးတာပဲ၊ သင်္ကြန်သံကို မန္တလေးသံပိုထွက်တယ်။


အကယ်ဒမီ စင်ရော်မောင်မောင်
ကျွန်တော်အကြိုက်ဆုံးက ဆရာမြို့မ ကိုပေါရယ်၊ ကိုဇော်မျိုးထွဋ်ရယ်၊ အဉ္ဇလီမောင်မောင်ရယ် ဒီဇာတ်ကား နဲ့ပတ်သက်လို့ Music တွေကို သုံးယောက်ထိုင်ပြီးတော့ လင်းစတူဒီယိုမှာ Management တွေ၊ Arrangement တွေ ထုတ်တာလေ။ အဲဒီမှာ Creative လုပ်တာ တစ်သက်လုံး မေ့လို့မရလောက်အောင် တကယ်ထူးချွန် ပြောင်မြောက်တဲ့ဟာတွေကို ထုတ်သွားနိုင်ခဲ့တာ။ သင်္ကြန်မိုးရဲ့ Production ပေါ့။ ဒီခေတ် အနေအထား နဲ့တွက်ရင် သိန်းလေးသောင်းလောက် ကုန်မယ်။ သင်္ကြန်မိုးရိုက်တဲ့ ငွေရဲ့တန်ဖိုးက သုံးသွားတာ။ နောက် တစ်ခုက လူအုပ်တွေကို မြို့နယ် မြို့နယ်တွေမှာသွားပြီး ကျွန်တော်တို့က ဆင်းပြီးတော့ ၁၉၅၆၊ ၁၉၅၇ အ၀တ် အစားတွေ ဆင်ရတယ်။ နောက် သူတို့ကို ကျွန်တော်တို့ ဇလုံကြီးတွေနဲ့ လက်ဖက်သုပ်တွေ ကျွေးပြီးတော့ အကတွေ တိုက်ရတယ်။ ယာဉ်တွေနဲ့ သူတို့ကို စုရပ် ခေါ်ရတယ်။ နောက်တစ်ခါ ရှေးခေတ်အ၀တ်အစား တွေကို ကိုဇော်မြင့်အဘိုး၊ ဒါးတန်း ဦးသန့်ရိုက်ခဲ့တဲ့ မန္တလေးရုပ်ရှင်ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို ယူပြီးတော့ ပြန်ချုပ်ရတယ်။ အဆိုးဆုံးက ဒီမင်္ဂလာဆောင်တဲ့အခန်း။ ထားမင်္ဂလာဆောင်တဲ့အခန်းကို ကျွန်တော်တို့ ပထမ တစ်နေရာမှာ ရိုက်တယ်။ ဝါးတန်းနားမှာ ရိုက်တယ်။ လူအုပ်မနိုင်ဘူး။ ပြုံဆင်းသွားတယ်။ သုံးတဲ့ရတနာတွေ ကလည်း ဒီမန္တလေးမြို့ရဲ့ အဖိုးထိုက်တဲ့အစစ်တွေကို တပ်ပြီး ရိုက်တယ်။


နောက်တစ်ခါ ဒီမန္တလေးဂေါပက ကလည်း အများကြီးကူညီလို့ ဒီသင်္ကြန်ရဲ့အဖွင့်လေ။ အဓိကက ဆရာဦးတင်ဦးပဲ။ ဆရာတင်ဦးက လိုချင်တာကို တစ်ချက်ကလေးမှ မလျှော့ခဲ့ဘူး။ ရဲရဲတောက် ပရို ဂျူဆာနဲ့ ပေါင်းပြီးတော့ ကျွန်တော်တို့က ပညာသင်တွေ။ ကျွန်တော်တို့၊ မီးပွားတို့၊ အောင်မင်းသိန်းတို့ ဒါရိုက်တာ အငယ်လေးတွေပေါ့။ အဲဒီမှာ ပညာသင်တွေပေါ့။ ရဲရဲ တောက်လုပ်ခဲ့တဲ့ ဇာတ်ကား။ သီချင်းကလည်း လမိုင်း ကပ်တယ်။ Production ကလည်း အတော်ကောင်းတယ်။ ကင်မရာ ချစ်မင်းလူကလည်း သူရိုက်ဖူးခဲ့တဲ့ဇာတ်ကား တွေထဲမှာ အကောင်းဆုံးပဲ။ သူလည်း လေးဆုလား၊ ငါးဆုလား မသိဘူးရတယ်။ ခက်ခက်ခဲခဲ ရိုက်တာ။ ကျွန်တော်တို့ ပြမယ့် Making ထဲမှာ ပါတယ်။ ခြေချင်း တွေနဲ့ ရိုက်တဲ့အခန်းကို မန္တလေးလူအုပ်တွေ ဘယ်လို လုပ်တယ်ဆိုတဲ့ အရုပ်တွေလည်း ပါတယ်။ ကျွန်တော် သည် ဘာလို့ Production ကို နိုင်နိုင်နင်းနင်း ဖြစ်ခဲ့လဲ ဆိုတာ ဆရာဦးတင်ဦးက တစ်ကားတည်းနဲ့ ကျွန်တော့် ကို ပညာပေးခဲ့တာ။ ဒါကို ကျွန်တော် ပြောချင်တာလေ။


နောက် ဇင်ဝိုင်းပေါ့။ ဇင်ဝိုင်းဆိုရင်လည်း လိုချင်တဲ့ Acting ဖြစ်အောင် ဇင်ဝိုင်းကို စိတ်ဆိုးအောင် တစ်နေကုန် ထားထားတာ။ သူလိုချင်တဲ့ Acting ရမှ သူရိုက်ထည့် လိုက်တာ။ နောက် မေသန်းနုပေါ့။ မေသန်းနုကို ၁/၈၄ က ခေါ်လာပြီး မေသန်းနု အခုအကယ်ဒမီ ငါးဆု ရသွား အောင်အထိ သူမွေးထုတ်ပေးခဲ့တာ။ သူ့တပည့်တွေ အများကြီးပေါ့နော်။ နေအောင်၊ မို့မို့မြင့်အောင်၊ ဇင်ဝိုင်း အစရှိတဲ့သူတွေ အများကြီးပါပဲ။ မေသဉ္ဇာဦးပေါ့နော်။ နောက်တစ်ခါ ကိုဟန်တင်၊ အဲဒီတုန်းက ဝိုင်းကြတာလေ။ မန္တလေးတစ်မြို့လုံးဆင်းလာပြီး ဝိုင်းတာ။ မန္တလေးက ဒီကားရိုက်ဖို့အတွက် ဘာလုပ်ပေးရလုပ်ပေးရ အားပေး တာ။ မြို့မအသင်းတွေကတော့ ရက်ပေါင်းများစွာနော် ကိုသန်းမြတ်စိုး။ ခေါက်တုံ့ခေါက်ပြန် ရိုက်ရတာ။ မကြိုက်မချင်း ဦးတင်ဦးက။ ဖလင်တွေသုံးတယ်ဆိုတာ အဲဒီခေတ်တုန်းက ပုံမှန်နှစ်သောင်းကျော် သုံးတဲ့အချိန် မှာ ဦးတင်ဦးက နဂ္ဂတစ်ပေတစ်သိန်းကျော် သုံးတာ။ ကျွန်တော်က ဖလင်တွေ လိုက်၀ယ်ရတာလေ။ ဟိုတိုက် ကိုသွား ဖလင်လေးရောင်းပါဦး။ စုပြီးတော့ကို သုံးတာ။ ဒီနဂ္ဂတစ်တွေကို မြှင့်တင်ရေးက ကောင်းကောင်းမွန်မွန် ဆေးသွားနိုင်တာလည်း တကယ့်သမိုင်းပဲ။ ဒါလေ ရုပ်ရှင် မြှင့်တင်ရေးရဲ့ အခန်းကဏ္ဍကိုလည်း အကောင်းဆုံး ကိုမြသန်းတို့ ဒီလိုမျက်စိနဲ့ကြည့်ပြီးတော့ အရောင်ကို Colors Grading လုပ်သွားတာပေါ့နော်။ ဒါတွေကို ကျွန်တော့်ဘ၀မှာ။ နောက် Edit ကတော့ ဆရာ ကိုမြင့်ခိုင်ပေါ့။ အလွန်ပြောင်မြောက်ပါတယ်။အကယ်ဒမီ ကို ပထမဆုံးဆုရတာလေ။


Music ဆုသာ ပေးခဲ့မယ်ဆိုရင် အဲဒီခေတ်က သင်္ကြန်မိုးက Music ဆုနဲ့ ထိုက်တန်တယ်။ ဒါရိုက်တာ ဆုလည်းရတယ်။ ကျွန်တော် ဇာတ်ကားဆုရတယ်။ ကင်မရာဆုလည်းရတယ်။ ဒါပေမယ့် ကျွန်တော်အကြိုက် ဆုံးပြောရရင် ကိုနေအောင်နဲ့ ဒေါ်ခင်သန်းနုကို အဲဒီကားမှာ ကျွန်တော် ပေးချင်တာ။ ဒါ ကျွန်တော့်ဘာသာ ကျွန်တော် လူငယ်တစ်ယောက်အနေနဲ့ပေါ့နော်။ ဒါလေးကို ပြော တာပါ။


ကိုဇော်မြင့်ရဲ့ ကဏ္ဍလေး ပြောချင်ပါတယ်။ သင်္ကြန်မိုးရိုက်တဲ့အချိန်မှာ တစ်မြို့လုံးက ဝိုင်းပြောတာ မင်းရှုံးတော့မယ်။ ကျွန်တော်က မနက်မိုးလင်းရင် ငွေထုပ် သွားယူရတယ်။ကိုဇော်မြင့်အမေက ထုတ်ပေးတယ်။ ဒီနေ့ ရှုတင်။ ရက်က တစ်ရက်နှစ်ရက် မဟုတ်တော့ဘူး။ တစ်ပတ် နှစ်ပတ် မဟုတ်တော့ဘူး။ တစ်လခွဲ လောက်ရှိသွားပြီ။ သောက်သောက်လဲ ကုန်နေပြီ။ ငွေထုပ်ကိုင်ပြီး ကျွန်တော် သုံးခဲ့ရတာ။ ဒါပေမယ့် အံ့သြဖို့ ကောင်းတယ်။ ဒီ Trader အစ ပပ၀င်းရုပ်ရှင်ရုံကြီးမှာ အထူးပွဲပြတဲ့အချိန်မှာ မှတ်မှတ်ရရ မင်းသားကြီး ဦးကျော်ဟိန်း၊ နောက် ဆရာ မင်းသားကြီး ဦးထွန်းဝေ လာကြည့်တယ်။ ပွဲပြီးတော့ ဦးထွန်းဝေက လက်ခုပ်ကို ဒီလိုတီးတာ။ ဦးကျော်ဟိန်း က ကျွန်တော် ကြည့်ဖူးတဲ့ကားထဲမှာ ဒီကားက အပြောင် မြောက်ဆုံး အကောင်းဆုံးပဲလို့ ပြောသွားတယ်။ အဲဒီထဲက ကျွန်တော်တို့ စိတ်အေးသွားပြီ။ ရုံလည်း တင်ရောဗျာ ဘယ်လိုမှ မနိုင်တော့ဘူး။


ဦးဇော်မြင့်
တချို့က ဇာတ်သိမ်းကို မပြခင်မှာ ကြည့်တဲ့အချိန် မှာ ဒီဇာတ်သိမ်းကြီးက ဒီဇာတ်သိမ်းကြောင့် ပိုက်ဆံမရဘူး ဖြစ်သွားမှာလို့ အဲဒီလိုပြောတာ။ ကျွန်တော်ပြောတာ ပိုက်ဆံရတာမရတာ ခင်ဗျားတို့ကိစ္စ မဟုတ်ဘူး။ Producer ကိစ္စ။ အနုပညာသမားတစ်ယောက်ရဲ့ သစ္စာတရားက အနုပညာအပေါ်မှာပဲရှိတယ်။ သူ့အနုပညာနဲ့ လူတွေကို ဖျော်ဖြေနေပြီဆိုရင် ခင်ခင်ထားတွေရော၊ ဘာတွေရော ညာတွေရောဆိုတာ သူက တဒင်္ဂမေ့လို့ ရတယ်။ အဲဒီလို သိမ်းချင်တာဆိုတော့ ဒီဇာတ်သိမ်းလေးနဲ့ အတော်ပဲ။ ဒါကို Happy Ending လုပ်ချင်ကြတယ်။ ကျွန်တော် လက်မခံဘူး။ ဒီလိုပဲသိမ်းတာ။


အကယ်ဒမီ စင်ရော်မောင်မောင်
စီးရီးအတွက် ကျွန်တော်တို့ စင်ရော်တေးသံသွင်းကနေ ကျွန်တော်တို့ရိုက်တာ ဘလောက်တုံးနဲ့လေ။ ဒီဘလောက် တုံးကြီးက ကာဗာတစ်သိန်း ကုန်သွားတာတောင် ဘလောက်တုံးကြီး ပြတ်သွားလို့ အသစ်ပြန်လုပ်ရတဲ့အထိ သင်္ကြန်မိုးသီချင်းတွေအောင်မြင်ခဲ့တာ။ ဒါလေးက အမှတ် တရပါ။ နှစ်ကိုယ်တူချစ်သမျှ၊ နောက် ဆရာငြိမ်းရဲ့သီချင်း တွေကို Non Stop ဦးလေးပေါနဲ့ ကိုဇော်မျိုးထွဋ်နဲ့ လုပ်သွားတဲ့ Non Stop သီချင်းတွေ။ နောက်ဇာတ်သိမ်း ကတော့ ပြောစရာမလိုဘူး သင်္ကြန်ရောက်ရင် ဒီသီချင်း ကြားရင်ကို မနေနိုင်ဘူး။ အခုလည်း ကွယ်လွန်သွားတဲ့ ဆရာဦးတင်ဦး၊ ကိုချစ်မင်းလူ၊ နောက် နေမကောင်းလို့ မလာနိုင်တဲ့ ဇင်ဝိုင်း၊ မေသန်းနု အားလုံးကို ဒီနေရာကနေ သတိရပါတယ်။


ဦးဇော်မြင့်
ဟိုတစ်နေ့ကပဲ ရုပ်ရှင်ဗီဒီယိုဇာတ်ကားတစ်ကား ဆက်ထားတဲ့အထဲမှာ ကျွန်တော် သွားကြည့်ပြီးတော့ Making ပေါ့နော်။ Making ကို သင်္ကြန်မိုး သီချင်းထဲမှာပါတဲ့ သီချင်းသုံးပုဒ်၊ Melody သုံးပုဒ်နဲ့ ပထမတော့ ကတာတွေ ပြပြီးတဲ့အခါမှာ Making ဆိုတာ အမှတ်တရပဲဆိုပြီး အဲဒီ Making အခွေကို ကျွန်တော်တို့ ပြန်ကြည့်တဲ့အခါမှာ တော်တော် လွမ်းစရာကောင်းတယ်။ အဲဒီမှာ ဦးတင်ဦး တက်ကြွပြီး ရိုက်ခဲ့တာတွေ၊ ကိုအေးသိန်းက ပဝါကြီး စလွယ်သိုင်းပြီးရိုက်ခဲ့တာတွေ ပြီးရင်အရုပ်တွေ ကျွန်တော် ပြပါ့မယ်။ ခြေကျင်းနဲ့ လိုက်ရိုက်တာတွေ။ အခုတော့ နာမည် ကြီးနေတဲ့ မီးပွားပေါ့ဗျာ။ ဦးခင်ဇော်ပေါ့။ နာမည်ကြီးနေတဲ့ ဦးစင်ရော်မောင်မောင်ပေါ့။ မောင်မောင်လေးအောင် ပေါ့။ ဘာလုပ်ရတုန်းဆိုတော့ ဘုရားကြီးမှာ လာကြည့်တဲ့ လူအုပ် ကြီးကို လူအုပ်ထိန်းရတာ မနိုင်ဘူးဖြစ်နေတယ်။ အဲဒီ ဒါလေးက တော်တော်လေး အမှတ်တရဖြစ်ပါတယ်။ မန္တလေးသင်္ကြန်မှာ စထွက်ပြီဆိုရင် မြို့မအသင်းက ဘုရားကြီးကို ဦးခိုက်ပြီးမှ ကြိုက်တဲ့နေရာကို သွားရတာ။ အဲဒီအစဉ်အလာလေးကို ကျွန်တော် ရိုက်ထားလိုက်တာပါ။ အဲဒီပွဲမှာ တော်တော်လေးထိန်းရခက်ပါတယ်။


အကယ်ဒမီ စင်ရော်မောင်မောင်
ဦးတင်ဦးက သင်္ကြန်ကားကြီးနှစ်ခုကို ဆက်တင်လုပ် တာလေ၊ တကယ့်ရှေးခေတ် ဓာတ်ပုံဆရာဦးလေးသန်းရဲ့ ဓာတ်ပုံတွေကို ဦးသန်းရဲ့ ဓာတ်ပုံတွေကို ယူပြီးလုပ်တာ။ နောက်တစ်ခါ ဒီကိုနေအောင်နဲ့ ခင်သန်းနုနဲ့တွေ့မယ့်၊ ဇင်ဝိုင်းနဲ့ ပြောမယ့်ဆက်တင်ကို အိမ်တစ်လုံးလုံးကို ဆောက်ပစ်လိုက်တာ။ ဆောက်ပြီး ကင်မရာတွေကို ဟောလိဝုဒ်မှာ ရိုက်တဲ့အတိုင်း ဘယ်ကယူရင် ဘယ်လို ဆိုတာကို တကယ့်စတူဒီယိုထဲမှာ ဆောက်ခဲ့ပါတယ်။ မန္တလေးမှာမပြီးလို့ ရန်ကုန်မှာ စိန်မောင်ခြံထိ ယူလာ ပြီးတော့ အဲဒီဆက်တင်အတိုင်း ဆောက်ရတာ။ ကျွန်တော်ဆိုရင် ကျုံးထဲကို ခုန်ချချင်လောက်အောင် ကို နှိပ်စက်ခဲ့တာ။


အကယ်ဒမီ နေအောင်
အဲဒီမှာ ကျွန်တော် ပြောချင်သေးတယ်။ ရိုက်နေ တုန်း ရေစိုကြီးနဲ့ ညနေ ၅ နာရီဖြစ်နေပြီ ကိုတာက ခဏလေးကွာဆိုပြီး သွားတာ။ ရေစိုကြီးနဲ့ စောင့်နေတာ။ ပြန်မလာဘူး သုံးရက်ကြာတယ်။ ပြင်ဦးလွင်တက် သွားတာ။


တေးသံရှင်သန်းမြတ်စိုး
အဲဒါ ဇော်၀မ်းအစစ်ပဲ။


ဦးဇော်မြင့်
ကျွန်တော်တို့ နိဂုံးလေး နည်းနည်းချုပ်လိုက်ရအောင် ပါ။ သင်္ကြန်မိုးက ဘယ်လိုပြောမလဲ။ Teamwork ပေါ့နော်။ Combination လည်း ညီတယ်။ Teamwork လည်း ကောင်းလို့ပေါ့။ ကျွန်တော်လည်း တစ်ခါတလေ ပြန်ကြည့်မိရင်တော့ တော်တော်တော့ လွမ်းစရာကောင်း သားဗျ။ သြော် လောကကြီး ဒီတစ်ကားနဲ့ ငါလည်း အနိုင် ပိုင်းနေတာ ဆက်လည်း မရိုက်နိုင်တော့ဘူး။


အကယ်ဒမီ စင်ရော်မောင်မောင်
ကျွန်တော်တို့ မရှိတော့ပေမယ့်လည်း သင်္ကြန်မိုးကြီး က ရှိနေဦးမှာပဲ။ တစ်ချိန်ကျရင် ကျွန်တော်တို့လည်း လောကကြီးကို စွန့်ခွာရမှာပဲ။ သင်္ကြန်မိုးက ရှိနေဦးမှာ။ ဒါလေးနဲ့ နိဂုံးချုပ်ချင်တယ်။ သင်္ကြန်မိုးကို ဖန်တီးခဲ့ တဲ့သူတွေပေါ့နော်။ ကျေးဇူးတင်ပါတယ်။


ဦးဇော်မြင့်
အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ ။