သင်္ကြန်မှာကဲတဲ့အခါ

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

 

သင်္ကြန်မှာကဲတဲ့အခါ

ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေသာမက မြန်မာနိုင်ငံရောက် နိုင်ငံခြားသားတွေပါ ပျော်ပျော်ပါးပါးကြီး ပါဝင်ဆင်နွှဲကြတဲ့ နှစ်သစ်ကူးသင်္ကြန်ပွဲကြီးကတော့ တစထက်တစ နီးကပ်လို့ လာပါပြီ။သင်္ကြန်ရေဆိုတာ       “အန္တရာယ်ကင်းတယ် ပက်စမ်းခင်ရယ်” ဆိုပေမယ့်လည်း ရာတီဥတုကလည်း တနေ့တခြား ပိုပိုပြင်းလာတာမို့ အသက်ဉာဏ်စောင့်ဆိုသလို သင်္ကြန်ရေကစားတဲ့အခါ အသိသတိလေးနဲ့ယှဉ်ပြီး ချင့်ချိန်နေထိုင် သွားလာဆော့ကစားဖို့ အထူးပဲ အရေးကြီးပါတယ်။ လူကြီး၊ လူငယ် အရွယ်သုံးပါးမရွေး ပျော်ကြတဲ့ ဒီပွဲတော်ကြီးမှာ အပျော်ကနေ အပျက်မဖြစ်စေဖို့ Hello ဆရာဝန် ပရိသတ်ကြီးအတွက် အောက်ဖော်ပြပါ အချက်လေးတွေကို မျှဝေပေးလိုက်ရပါတယ်။

 

၁။ အဝတ်အစား

သင်္ကြန်မှာ အပြင်ထွက်ပြီဟေ့ဆိုတာနဲ့ နေဒါဏ်၊ ရေဒါဏ်တွေကို ခံရတော့မှာမို့ အပူစုပ်တဲ့ အနက်ရောင်လို အဝတ်အစားမျိုးကို တတ်နိုင်သမျှ ရှောင်ကျဉ်ပြီး အရောင်လွင်လွင် အဝတ်အစားလေးတွေကို ဝတ်ပေးဖို့ လိုပါလိမ့်မယ်။သင်္ကြန်ဆိုတော့ အရောင်ပြူးပြူးပြဲပြဲ လွင်လွင်ကြီးတွေ ဝတ်လို့လည်း ကြောင်တောင်တောင် ဖြစ်နေစရာမလိုဘူးဆိုတော့ အိုကေပဲပေါ့။ အတိုအပြတ်လေးတွေ ဝတ်ချင်ကြတာ ကောင်းပါတယ်၊ မြင်သူလည်း မျက်စိအေးတယ်ဆိုပေမယ့် သင့်အတွက်တော့ မကောင်းပါဘူး။ ဖြူဖွေးလှပ ရွှန်းစိုကြည်လင်တဲ့ အသားအရေလေးတွေ ပျက်စီးသွားမှာ အင်မတန်စိုးရိမ်ရပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ သင့်အသားအရေနဲ့ နေရောင်ခြည် တိုက်ရိုက်မထိတွေ့ဖို့ ကြိုးစားပါ။ အတိုအပြတ်ဝတ်ချင်သပဆိုရင်လည်း crop top လိုဟာမျိုးအပေါ်ကနေ ခပ်ပါးပါး အင်္ကျီလေးတွေ ထပ်ဝတ်နိုင်ပါတယ်။ ဒါဆိုရင် အလှလည်း မပျက်၊ နေလောင်ဒါဏ်ကိုလည်း အထိုက်အလျောက် ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။

 

၂။ အစားအသောက်

အပြင်ထွက်ပြီဟေ့ဆိုတာနဲ့ လူတိုင်း စားကြမှာဖြစ်သလို လူအတော်များများလည်း သောက်ကြမှာပါ။ အသောက်ကိစ္စကို နောက်မှ ထပ်ပြောပါမယ်။ အဓိက လူတိုင်းစားတဲ့ အစားအစာနဲ့ ပတ်သက်ပြီး ပြောချင်တာကတော့ ကိုယ့်ဝမ်းနာကိုယ်သိပါ။ကိုယ်ဟာ ဗိုက်မကောင်းတတ်သူလား၊ ဝမ်းလွယ်တတ်သူလား ဆိုတာကို ဂရုပြုပါ။ အပြင်စာတွေကို မစားမဖြစ် စားရတော့မယ်ဆိုရင် အသန့်ရှင်းဆုံးလို့ ယူဆရတဲ့ အစားအသောက်တွေကိုပဲ အတတ်နိုင်ဆုံး ရွေးချယ်စားပါ။ဖြစ်နိုင်ရင် လမ်းဘေးစာတွေ မစားပါနဲ့။ နေပူပူ၊ ရေစိုစိုမှာ ဝမ်းပျက်ရင် ဘယ်လောက်တိုင်ပတ်မလဲဆိုတာ တွေးကြည့်ရုံနဲ့တင် ကျောချမ်းစရာပါ။ စားနေကျ မဟုတ်တဲ့ အစားအသောက်တွေကိုလည်း မြည်းစမ်းဖို့ စိတ်မကူးပါနဲ့။ ဝမ်းလျှောဝမ်းပျက်အပြင် အစာအဆိပ် သင့်တာတွေပါ အပိုဆုအဖြစ် ပါလာနိုင်ပါတယ်။

 

၃။ ကာလံဒေသံ

ရန်ကုန်ဟာ နွေမှာသေအောင်ပူသလို မြန်မာပြည်တနံတလျားမှာလည်း ဧပရယ်လ်လဟာ သူ့နည်းသူ့ဟန်နဲ့ ပူကြတာချည်းပါပဲ။ ဒါပေမယ့် ရန်ကုန်ကလူတွေ နယ်သွားမယ်၊ နယ်ကလူတွေ ရန်ကုန်တက်မယ်ဆိုရင်တော့ ကိုယ်နေထိုင်နေကျ ရေမြေသဘာဝနဲ့ မတူတာမို့ အစားအသောက်၊ အနေအထိုင်ကို ရောက်ခါစ တရက်နှစ်ရက်မှာ တတ်နိုင်သမျှ ဆင်ခြင်သင့်ပါတယ်။

 

၄။ နေ့လည်နေ့ခင်း အနားယူပါ။

သင်္ကြန်မှာ နေဝင်နေထွက်ပျော်ချင်တာ သဘာဝပါ။ ဒါပေမယ့် မြန်မာနိုင်ငံလို ရာသီဥတုမျိုးမှာ နေ့လည် နေ့ခင်းလေးတော့ အိမ်ပြန်နားတာပဲဖြစ်ဖြစ်၊အပြင်မှာဆိုလည်း ကန်တော်ကြီးလိုမျိုး၊ ရင်ပြင်ထဲလိုမျိုး အရိပ်အာဝါသ ကောင်းတဲ့ တနေရာရာမှာ ခဏတဖြုတ်အနားယူသင့်ပါတယ်။ ဒါမှ နေဒါဏ်ကို ကာကွယ်နိုင်မှာ ဖြစ်တဲ့အပြင် ညနေဆက်ကဲဖို့လည်း အားရှိမှာပေါ့။ဦးထွန်းလွင်ရဲ့ ဖေ့စ်ဘုတ်ပေ့ချ်ကို မပြတ်ဝင်ကြည့်ပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတို့၊ အပူဒါဏ်သတိပေးချက်တို့လို ဟာမျိုးတွေကိုလည်း စောင့်ကြည့်ဖတ်ရှု သင့်ပါတယ်။

 

၅။ ရေဓာတ်မခမ်းခြောက်ပါစေနဲ့။

သင့်တကိုယ်လုံး ရေတွေရွှဲနေတယ်ဆိုပေမယ့် ရာသီဥတုအပူဒါဏ်က ပြင်းလွန်းတာကြောင့် ခန္ဓာကိုယ်ထဲမှာ တော့ ရေဓာတ်ခမ်းခြောက်နေနိုင်ပါတယ်။ဒါကြောင့် အရည်များများကို ခဏခဏ သောက်ပေးဖို့ လိုပါတယ် (အရက်ဘီယာကို ဆိုလိုတာမဟုတ်ပါ)။ရေနဲ့ ဓာတ်ဆားတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ အရည်တွေကို ရံဖန်ရံခါ သောက်ပေးပါ။

 

၆။ နေလောင်ဒါဏ်ကာကွယ်ပါ။

သင့်တော်တဲ့ sunblock(နေလောင်ခံခရင်မ်) လိမ်းပါ။ ကားနဲ့လည်မယ်ဆိုရင် နေပူကာဖို့ စောင်၊တဘက် စသည်ယူသွားပါ။ နေကာမျက်မှန်တပ်ပါ။ ဦးထုပ်ဆောင်းပါ (တကယ့်ဦးထုပ်ကို ဆိုလိုပါတယ်)။

 

သင်ဟာ အဘိုးကြီး၊ အဘွားကြီးဖြစ်နေရင်တောင် တူးပို့သံလေးကြားရင် ဒူးလေးနှံ့၊ လက်လေးလှုပ်လို့ စည်းဝါး လိုက်မိနေမယ့်အထိ မြန်မာလူမျိုးတွေရဲ့ သင်္ကြန်ပိုးက ကြီးလှပါတယ်။ဒါကြောင့် နှစ်သစ်ကူးရိုးရာပွဲကို ပျော်ပျော်ပါးပါး ကျန်းကျန်းမာမာနဲ့ နွှဲပျော်နိုင်ရလေအောင် အကြံပေးလက်တို့ချက်လေးတွေကို မျှဝေပေးလိုက်ရပါတယ်။

 

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်" 

 

http://myanmardigital.news/sites/default/files/hello%2011_58.jpg