သင်္ကြန်အပြီးကာလတွင် ရာသီပေါ်သီးနှံအဖြစ် စတင်ထွက်ရှိလာမည့် မြန်မာ့သရက်သီးဈေးကွက် COVID-19 ဂယက်ကြောင့် ဆိုးရွားစွာ ထိခိုက်မှုမရှိနိုင်

မန္တလေး ၁ ဧပြီ

သင်္ကြန်အပြီးကာလတွင် ရာသီပေါ်သီးနှံအဖြစ် စတင်ထွက်ရှိလာမည့် မြန်မာ့သရက်သီးဈေးကွက် အခြေအနေမှာ ပြည်တွင်းစားသုံးမှု များပြားပြီး ပြည်ပသို့ တင်ပို့ရောင်းချရန် မှာယူမှုများရှိနေသဖြင့် လတ်တလော ဖြစ်ပွားနေသည့် COVID-19 ရောဂါ ဂယက်ကြောင့် ဆိုးရွားစွာ ထိခိုက်မှုမရှိနိုင်ကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။

 

jhkjaf

 

လာမည့် သင်္ကြန်အပြီးကာလတွင် မြန်မာ့သရက်သီး မျိုးစုံမျိုးကွဲများ ဈေးကွက်သို့ စတင်ဝင်ရောက်လာတော့မည်ဖြစ်ရာ လက်ရှိအချိန်တွင် တောင်သူများအနေဖြင့် အရည်အသွေးကောင်းမွန်သည့် သရက်သီးများ ခူးဆွတ်တင်ပို့ရောင်းချနိုင်ရန် အိတ်စွပ်ပြင်ဆင်ခြင်းကို လုပ်ဆောင်နေကြပြီး မေလ ပထမအပတ်အတွင်း၌ ဝင်းမှည့်သည့် သရက်သီးများ ဈေးကွက်သို့ လှိုင်လှိုင်ထွက်ပေါ်လေ့ရှိကြောင်း သိရသည်။

 

“လက်ရှိကာလမှာ မူဆယ်ဈေးကွက်မှာလည်း ဖရဲ၊ သခွားက အရောင်းအဝယ်တွေ ပြန်ပြီးကောင်းလာတယ်။ ကျွန်တော်တို့ရဲ့ အားသာချက်က ပြည်တွင်းမှာ သရက်သီးကို  ရာသီပေါ်သီးနှံအနေနဲ့ ဖရဲ၊ သခွားထက် ပိုပြီးစားသုံးတဲ့သူ များပြားတယ်။ နောက်တစ်ခါ ဒီနှစ်မှာ ဂျပန်နိုင်ငံကလည်း သရက်သီးကနေ အနှစ်ထုတ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ဖို့ အိတ်မစွပ်တဲ့ သရက်သီး တန်ချိန် ၁၂၀၀ ကို စာချုပ်ချုပ်ပြီး ဝယ်ထားတဲ့အပြင် အခြားပြည်ပပို့မယ့် ဝယ်လက်တွေကလည်းမှာယူဖို့ တောင်းဆိုမှုတွေ ရှိနေကြတဲ့အတွက် မြန်မာ့သရက်ဈေးကွက်က COVID-19 ရောဂါဂယက်ကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်ခြေမရှိဘူးလို့ ပြောလိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သရက်စိုက် တောင်သူတွေကလည်း အလားအလာ ကောင်းတယ်လို့ ယူဆပြီး ပြည်ပတင်ပို့ဖို့အတွက်  အိတ်စွပ်ပြင်ဆင်နေကြတယ်”ဟု ၎င်းက ပြောသည်။

 

sjkhf

 

မြန်မာ့သရက်သီးများအား ပြည်ပဈေးကွက်တွင် ဈေးနှိမ်ဝယ်ယူခြင်းမရှိစေရန် အရောင်အသွေးတူညီသည့် သရက်သီးများအဖြစ် တင်ပို့ရောင်းချနိုင်စေရေးအတွက် သရက်သီးများအား အိတ်စွပ်သည့်အချိန်တွင် အိတ်များကို မိမိတို့ စိုက်ပျိုးရာဒေသအလိုက် တောင်သူများ စုပေါင်း၍ ဝယ်ယူကာ အိတ်စွပ်ခြင်းကို လုပ်ဆောင်စေလိုကြောင်း ၎င်းက ဆက်လက်အကြံပြုပြောဆိုသည်။

 

သရက်သီးကို နှစ်စဉ် အရွက်ပေါ်ချိန် ပန်းပွင့်ချိန်နှင့် အသီးပေါ်ချိန်များတွင် သရက်ခြံများသို့ တိုက်ရိုက်လာရောက်၍ ခြံပြတ်ဝယ်ယူမှုများရှိပြီး ဧပြီလလယ်ပိုင်းတွင် ရောင်းတန်းဝင် သရက်သီးများ စတင်ထွက်ပေါ်ကာ မေလအတွင်း၌ ထွက်ရှိသည့် သရက်သီးများမှာ အရည်အသွေး အကောင်းဆုံးဖြစ်ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း၌ သရက်စိုက်ဧက ၃၂၅၇၅ ဧကရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)