သင်ခန်းစာယူဖွယ်

၂၄ နာရီ မပြည့်သေးမီ ရန်ကုန်မြို့လယ်ဒေသများ၌ မီးနှစ်ကြိမ် လောင်ခြင်းဖြင့် ယခုနှစ်၏ ခြောက်သွေ့ရာသီ မီးဘေးအန္တရာယ်တို့ နိဒါန်းပျိုးလိုက်ပြီဖြစ်ရာ နောက်ထပ်မဖြစ်ပွားရေးအတွက် ကြိုတင်ကာကွယ်မှုများနှင့် အတူတစ်ရံမလပ် သတိပြုကြရတော့ မည်ဖြစ်သည်။

ဖေဖော်ဝါရီလ ၁၉ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ် ၉၇ လမ်း၌ ဖြစ်ပွားသည့် မီးလောင်မှုတွင် လူသုံးဦးအသက် ဆုံးရှုံးခဲ့ရပြီး ဖေဖော်ဝါရီလ၂၀ ရက်က ဖြစ်ပွားသည့် လမ်းမတော် သံဈေးမီးလောင်မှုတွင်မူ ဈေးဆိုင်ခန်း ၄ဝ ကျော် မီးသင့်ခဲ့ကာ လူ ၁၈ ဦး ထိခိုက်မှုရှိခဲ့ရာ ၎င်းမီးလောင်မှုများမှ သင်ခန်းစာယူ ဖွယ်ရာများလည်းရှိခဲ့သည်။ အထူးသဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးလောင်မှုဖြစ်ပွား လာပါကလည်း အရေးပေါ်ရှောင်တိမ်း လွတ်မြောက်နိုင်ရေးအတွက် တိကျ သေချာသော အစီအမံများကို အမြော်အမြင်ရှိရှိ ဆောင်ရွက်ထားရန်ပင်ဖြစ်သည်။ မီးလောင်သည့်အခါတွင်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ် တစ်ခုခု ကျရောက်သည့်အခါတွင်ဖြစ်စေ၊ ကပ်ရောဂါ သို့မဟုတ် ဘေးအန္တရာယ် တစ်ခုခုကျရောက်သည့် အခါတွင်ဖြစ်စေ၊ မီးငြှိမ်းသတ်ခြင်း၊ ကာကွယ်တားဆီးခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း တို့ကို မီးသတ်တပ်ဖွဲ့ ဝင်များကဆောင်ရွက်ကြရသည်။ ယင်းသို့ဆောင်ရွက်သည့်အခါတွင် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုတို့ အဓိကလိုအပ်ပြီး ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုရရှိနိုင် ရန်အတွက်လည်း ပညာပေးစည်းရုံးလှုံ့ဆော်မှု ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ထားရန် လိုအပ်သည်။

ထို့ပြင် သုံးထပ်နှင့်အထက်ရှိ အဆောက်အအုံ၊ စုပေါင်းပိုင်အိမ်ရာ၊ ဈေး၊ လူအများအပြား စုဝေးအသုံးပြုသည့် အဆောက် အအုံများ ဆောက်လုပ်ခြင်း၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းလုပ်ငန်း လုပ်ကိုင်ခြင်း၊ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံနှင့် သိုလှောင်ကန်များဆောက်လုပ်ခြင်း၊ မီးဘေးအန္တရာယ်စိုးရိမ်ရသော လုပ်ငန်း သို့မဟုတ် ပေါက်ကွဲစေတတ်သည့် ပစ္စည်းအသုံးပြု၍ လုပ်ငန်း လုပ်ကိုင်ခြင်း၊ မီးဘေးလုံခြုံရေးဆိုင်ရာ ပစ္စည်းကိရိယာများ တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်း၊ မော်တော်ယာဉ်၊ ရထား၊ လေယာဉ်၊ ရဟတ်ယာဉ်၊ သင်္ဘော၊ စက်တပ်ရေယာဉ်တို့ကို အသုံးပြု၍ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း တို့တွင် မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာန၏ မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးထောက်ခံချက်ကို ရရှိပြီးမှသာ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းတို့က ခွင့်ပြုမိန့်ကို ထုတ်ပေးရန် ဥပဒေတွင် ပြဋ္ဌာန်းထားရှိသည်။

မီးငြှိမ်းသတ်ရေးဆောင်ရွက်ရာတွင် ဓာတ်အားဖြတ်တောက်ခြင်း၊ လမ်းများရှင်းလင်းခြင်း၊ နေအိမ်အဆောက်အအုံများအတွင်း ဝင်ရောက်ခြင်း၊ မီးကူးစက်နိုင်သည့် နေအိမ်၊ အဆောက်အအုံ များကို လိုအပ်သလို ဖြိုဖျက်ခြင်း၊ ရေရရှိရေးအတွက် မည်သည့်နေရာ ရေကန်၊ ရေတွင်းမှမဆို ရေရယူခြင်း၊ မီးငြှိမ်းသတ်ရေးအတွက် မည်သည့်ယာဉ်ကိုမဆို ရယူခြင်းတို့သည် မီးသတ်တပ်ဖွဲ့ဝင်များအား ဥပဒေက ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များ ဖြစ်သလို မီးငြှိမ်းသတ်ရန်ထွက်ခွာလာသည့် မီးသတ်တပ်ဖွဲ့ဝင် များနှင့် မီးသတ်ယာဉ်များကို အကြောင်းမဲ့ဟန့်တားခြင်း၊ လမ်းပိတ်ဆို့ခြင်း၊ နှောင့်ယှက်ခြင်း၊ ရန်ပြုခြင်း၊ မီးလောင်မှုနှင့် မဆိုင်သည့် နေရာသို့ တစ်နည်းနည်းဖြင့် လမ်းပြခေါ်ယူခြင်း၊ မီးငြှိမ်းသတ်နေသည့် မီးသတ်တပ်ဖွဲ့ဝင်များကို ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း၊ လက်ရောက်ပြုခြင်းတို့ကို မည်သူမျှ မပြုလုပ်ရန် ဥပဒေအရတားမြစ်ထားပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ်ငါးနှစ်အထိ ကျနိုင်သည့် ပြစ်မှုများပင်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးသည် နိုင်ငံ၏ စီးပွားရေးရပ်ဝန်းကြီး ဖြစ်သည်နှင့်အညီ လူဦးရေ ထူထပ်သိပ် သည်းသလို အထပ်မြင့် အဆောက်အအုံကြီးများ၊ ဈေးကြီးများ၊ စက်ရုံအလုပ်ရုံများ များပြား သည်နှင့်အမျှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်မှုကို အထူးဝါယမ စိုက်ထုတ်ပြုလုပ်ထားရန် လိုအပ်သည်။ မီးဘေးရှောင် မလောင်ခင်က တားရာတွင် မီးသတ်ဦးစီးဌာနနှင့် အတူ ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်း သည်နှင့်အမျှ မီးအန္တရာယ်ကာကွယ်နိုင်ကြမည် ဖြစ်ပါကြောင်း။ 

အယ်ဒီတာ