သင်စားလိုက်တဲ့အရာတွေက ဝက်ခြံတွေပေါက်စေတာလား

ရေးသားသူ Wathun Myat Chal

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.

 

သင်ဘာစားလိုက်တယ်ဆိုတာက သင့်ရဲ့ကျန်းမာရေးပေါ် သက်ရောက်မှုတွေရှိတယ် ဆိုတာကိုတော့ သင်သိပြီးသားဖြစ်မှာပါ။ ကယ်လ်စီယမ်ပါဝင်မှုများတဲ့ စားစရာတွေကို စားသုံးတာက သင့်အရိုးတွေအတွက် ကောင်းမွန်စေပါတယ်။ ဗီတာမင် အေ ကြွယ်ဝတဲ့စားစရာတွေက မျက်လုံးအတွက် ကောင်းမွန်စေပြီး သင့်အသားအရေအတွက်ကတော့ အချို့သောစားစရာတွေက အလွန်ကောင်းမွန်ပြီး အချို့သောစားစရာတွေကတော့ ဝက်ခြံတွေထွက်လာစေပါတယ်။ ဒါတွေက ဘာတွေများပါလိမ့်?

 

ကျန်းမာရေးနဲ့ အသားအရေပုံသဏ္ဍာန်

သင့်အသားအရေ ဘယ်ပုံစံရှိနေတယ်ဆိုတာက သင့်ကျန်းမာရေး အခြေအနေကို ဖော်ပြနေပါတယ်။ တကယ်လို့ သင်က ကျန်းမာရေးကောင်းမွန်နေတယ်ဆိုရင်တော့ အသားအရေကလည်း ကောင်းနေမှာပါပဲ။ တစ်ဘက်မှာတော့ ကျန်းမာရေးမကောင်းဘူးဆိုရင် သင့်အသားအရေမှာ ပေါ်လွင်နေပါလိမ့်မယ်။ ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့ စားသောက်မှုပုံစံက သင့်ခန္ဓာကိုယ်က ကျန်းမာစေပြီး ကြည့်ကောင်းတဲ့ပုံ ပေါက်စေပါတယ်။

 

အချိုများ

အရင်တုန်းက လေ့လာမှုတွေကတော့ သင်ဘာစားလိုက်တယ်ဆိုတာက ဝက်ခြံတွေအပေါ်မှာ သက်ရောက်မှု မရှိဘူးလို့ဆိုကြပါတယ်။ ဒါကြောင့် ဘာစားစား ဝက်ခြံတွေထွက်မှာ စိုးရိမ်စရာမလိုဘူးလေ။ ဒါပေမဲ့ လက်ရှိလေ့လာမှုတွေမှာတော့ နောက်တစ်မျိုးပြောင်းသွားပြန်ပါပြီ။

 

တကယ်လို့များသင်က သကြား ဒါမှမဟုတ် အချိုတွေ ပိုစားခဲ့မယ်ဆိုရင် သွေးတွင်းသကြားဓာတ်ပိုမို မြင့်တက်လာမှာဖြစ်ပြီး သင့်ခန္ဓာကိုယ်ကလည်း ပိုလာတဲ့သကြားဓာတ်ကို ထိန်းညှိနိုင်ဖို့အတွက် အင်ဆူလင်တွေကို ပိုထုတ်ပေးရရပါတယ်။ လေ့လာမှုတွေ အများကြီးလုပ်ခဲ့ပြီးတဲ့နောက် အင်ဆူလင် ကတော့ သင့်ရဲ့ ဝက်ခြံအခြေအနေတွေပေါ် သက်ရောက်စေနိုင်တယ်လို့ မှတ်တမ်းတွေ ရှိခဲ့ပါတယ်။

 

ရိုးရိုး ကာဘိုဟိုက်ဒရိတ်တွေကို အများကြီးစားသုံးမိတာ (ဥပမာ–သကြားနဲ့ သကြားဓာတ်ကြွယ်ဝတဲ့ စားစရာတွေ) က ဝက်ခြံတွေကို ပိုထွက်လာစေပါတယ်။ လေ့လာမှုတစ်ခုရဲ့ အဖြေအရ glycemic loadကို အနည်းငယ်ပဲစားသုံးသူကတော့ vulgaris acne လက္ခဏာတွေကို တိုးတက်လာစေနိုင် တယ်လို့ ဆိုပါတယ်။ Glycemic load ဟာ စားသောက်တဲ့နေရာမှာပါတဲ့ အစားအစာရဲ့ glycemic ညွှန်းကိန်းရဲ့ ကွဲပြားတဲ့ တန်ဖိုးတစ်ခုပါ။

 

အသားအရေကျန်းမာစေဖို့ စားသောက်မှုပုံစံကို ထိန်းတဲ့အခါ ဒီအချက်တွေကို လိုအပ်လာပါလိမ့်မယ်။

 

Glycemic ညွှန်းကိန်း (၅၅အောက်) မှာရှိတဲ့ စားစရာတွေကိုပဲ ရွေးချယ်သင့်ပါတယ်။ ဥပမာ- ပေါင်မုန့်ကြမ်း (လုံးတီးအနှံနဲ့လုပ်ထားတဲ့ ပေါင်မုန့်)၊ သို့မဟုတ် plain corn chips

 

Glycemic ညွှန်းကိန်းမြင့်တဲ့ စားစရာတွေနဲ့ နိမ့်တဲ့ စားစရာတွေကို ရောပြီးစားတာက မျှတတဲ့ စားသောက်မှုပုံစံဖြစ်မှာပါ။

 

တစ်ခါတည်း အများကြီးမစားဘဲ နည်းနည်းချင်း ခဏခဏစားပေးပါ။

 

အသီးအရွက်တွေနဲ့ အသီးအနှံတွေဟာ သင့်ရဲ့ သွေးတွင်းသကြားလယ်ဗယ်တွေအတွက် ကောင်းမွန်ပါတယ်။

 

အဆီများတဲ့ စားစရာများ

အဆီများတဲ့စားစရာတွေ၊ ဥပမာ- ပီဇာ၊ ဘာဂါ၊ အာလူးချောင်းကြော်တွေနဲ့ အာလူးပြားကြော်တွေဟာ သင့်အသားအရည်တွင်းမှာရှိတဲ့ အဆီဂလန်းတွေကို လှုံ့ဆော်နိုင်ပြီး အဆီတွေကို ပိုထွက်စေပါတယ်။ အဆီပိုတွေဟာ ဝက်ခြံတွေ ကြီးထွားစေတဲ့ အဓိက အကြောင်းရင်းပါ။

 

ဒီလိုအဆီများတဲ့ စားစရာတွေထဲက fatty acids တွေဟာ ရောင်ရမ်းခြင်းကို တိုးမြင့်စေပြီး ဝက်ခြံတွေကို ပိုဆိုးစေပါတယ်။ ဒါပေမဲ့ ဒီအစားအစာတွေကို လုံးဝမစားဘဲ ဖြတ်တောက် ပစ်ရမယ်တော့ မဟုတ်ပါဘူး။ သူတို့ကို ဆင်ဆင်ခြင်ခြင်စားသုံးပြီး မျက်နှာကိုလည်း ပုံမှန်ဆေးကြောဖို့ လိုအပ်ပါလိမ့်မယ်။

 

နို့

ဝက်ခြံနဲ့ နို့ကြားက ဆက်သွယ်မှုကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့ အချို့သော လေ့လာမှုတွေကတော့ နို့နဲ့နို့ထွက်ပစ္စည်းတွေ ဥပမာ- ချိစ်၊ ထောပတ်လို ဟာမျိုးတွေက ဝက်ခြံထွက်စေတယ်လို့ ဆိုပါတယ်။ ဒါမှမဟုတ် ဝက်ခြံကို ပိုဆိုးစေတယ်ပေါ့။ နို့မှာ testosterone နဲ့ဆက်နွယ်နေတဲ့ အရာတချို့ပါဝင်ပါတယ်။ ဒီဟော်မုန်းဟာ အဆီဂလန်းတွေကို လှုံ့ဆော်ပေးပြီး ဝက်ခြံတွေ ထွက်ပေါ်လာစေဖို့ ပြင်ဆင်မှု ကောင်းကောင်းလုပ်ဆောင်ပေးပါတယ်။

 

နို့က ဝက်ခြံတွေကို ဖြစ်စေတယ်ဆိုတဲ့ တိကျသေချာတဲ့ သက်သေမရှိပေမယ့် သင့်စားသောက်မှုတွေထဲက နို့ကိုထုတ်လိုက်မယ်ဆိုရင်တော့ ပိုပြီးကောင်းမွန်လာတာကို တွေ့ရမှာပါ။ ဒါပေမဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ သင့်ခန္ဓာကိုယ် အတွက်ကောင်းမွန်တဲ့ အာဟာရတွေအများကြီး ပါဝင်ပါတယ်။ ဥပမာ– ဗီတာမင် D နဲ့ ကယ်လ်စီယမ်တို့လိုမျိုးတွေပေါ့။ ဒါကြောင့် နို့ကိုမသုံးစွဲတော့ဘူးလို့ ဆုံးဖြတ်ဖို့အတွက် သေချာပြန်စဉ်းစားပါဦး။

 

နို့အနည်းငယ်လောက် စမ်းသောက်ကြည့်ပါ။ တကယ်လို့ ဝက်ခြံက ပိုဆိုးမလာဘူးဆိုရင် သင့်ရဲ့စားသောက်မှု ပုံစံတွေထဲက နို့ထွက်ပစ္စည်းတွေကို ထုတ်ပစ်စရာမလိုပါဘူး။ မတူညီတဲ့ နို့ထွက်ပစ္စည်းတွေကို စမ်းကြည့်ပါ။ အချို့လူတွေကတော့ ဒိန်ချဉ်ကို သုံးတာက သူတို့အတွက် ပိုမိုကောင်းမွန်တယ်ဆိုတာကို ရှာတွေ့ခဲ့ပါတယ်။ ကယ်လ်စီယမ်ပါဝင်တဲ့ အခြားစားစရာတွေ ဥပမာ ဘရိုကိုလီတို့လို၊ ကိုက်လန်တို့လိုမျိုးကို စားသုံးပေးပါ။

 

သင်ဘာစားလိုက်တယ်ဆိုတာက သင်ဘယ်လိုပုံစံဖြစ်နေတယ်ဆိုတာ ဖော်ပြနေပါတယ်။ ဒါကြောင့် သင့်အသားအရေပေါ်မှာ သင့်ကျန်းမာရေးအခြေအနေက ထင်ဟပ်နေတယ်လို့ ဆိုတာပေါ့။ ကျန်းမာရေးနဲ့ မညီတဲ့အဆီတွေ၊ နို့တွေ ဒါမှမဟုတ် သကြားတွေက ဝက်ခြံတွေကို ဖြစ်ပေါ်စေတာပါ။

 

ဒါကြောင့် သင့်ရဲ့ စားသောက်မှုပုံစံကို ပြန်လည်စစ်ဆေးပြီး ကျန်းမာရေးနဲ့ ပိုပြီးညီညွတ်မယ့် စားစရာတွေ စပြီး စားသောက်လိုက်ပါတော့…

 

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"