သန်းဒီပါ ဘက်စုံဖေါင်ဒေးရှင်း (ကော့သောင်းဂရု)မှ ငါးဘာသာဂုဏ်ထူးရှင်အား ဂုဏ်ပြု

ကော့သောင်း ၁၀ ဇွန်

၂၀၁၇-၂၀၁၈ ခုနှစ် ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းတွင် ကော့သောင်းမြို့နယ်မှ ငါးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသူတစ်ဦးအား သန်းဒီပါ ဘက်စုံဖေါင်ဒေးရှင်း (ကော့သောင်းဂရု)မှ ယနေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အဏ္ဏဝါကျောင်းတွင် ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ပညာရေး ပရဟိတလုပ်ငန်းများ၊ ကုသိုလ်ဖြစ်တရားပွဲများ၊ အခမဲ့ မျက်စိခွဲစိတ်ကုသမှု လုပ်ငန်းများ စသည့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် သန်းဒီပါ ဘက်စုံဖေါင်ဒေးရှင်း (ကော့သောင်းဂရု) ဥက္ကဋ္ဌ ဦးဌေးအောင်မှ ၂၀၁၇-၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းတွင် အင်္ဂလိပ်၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ ဘာသာရပ်ငါးခုတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မနွေးအိခင်အား ဘာသာရပ်တစ်ခုလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ဆုငွေငါးသိန်းကျပ်အား ပေးအပ်ဂုဏ်ပြုခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍ တက္ကသိုလ်ပညာ သင်ကြားမှု ကာလတစ်လျှောက် အောင်မြင်သည့်နှစ်တိုင်းတွင် ဂုဏ်ပြုဆုငွေငါးသိန်းစီ ဆက်လက်ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ဂုဏ်ထူးတန်း တက်ရောက် အောင်မြင်မှုများ ရှိပါက ဆက်လက်ထောက်ပံ့ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)