သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ

မြင့်စိုး(နတလ)

“ဒါကတော့ ပိုးချည်နဲ့ ရက်လုပ်ထားတဲ့ ထိပ်ခေါင်တင်ကြိုးဒီဇိုင်း အမျိုးအစား ဖြစ်ပါတယ်”

“ဒါကလည်း ပိုးချည်နဲ့ ရက်လုပ်ထားပြီး ဒီဇိုင်းပုံစံကတော့ အမျိုးမျိုးပါရှင့်၊ ငါးစင်းမြင့်မိုကြိုး၊ နှစ်စင်းလိမ်ကြိုး၊ နှစ်စင်းခါးစည်း၊
ခြောက်စင်းလိမ်ကြိုး၊ ဆောင်တော်ကူးဂမုန်းစတဲ့ ဒီဇိုင်းတွေ ဖြစ်ပါတယ်”

“ဒါက ၂/၈၀ ချည်နဲ့ ရက်လုပ်ထားတဲ့ ကျူထရံဒီဇိုင်း ကျားလုံချည်ပါရှင့်”

ပြီးခဲ့သည့် မေ ၁၆ ရက် မွန်းလွဲပိုင်းတွင် ကျွန်တော်တို့အဖွဲ့ မန္တလေး၊ အမရပူရရှိ ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံသို့ သွားရောက် ကြည့်ရှုခဲ့ကြသည်။ ကျောင်းအုပ်ကြီး ဒေါ်တင့်တင့် က သင်တန်းကျောင်းဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး သင်တန်းသူများ၏ လက်တွေ့ရက်လုပ် နေသော လက်ရက်ကန်း၊ စက်ရက်ကန်းအမျိုးမျိုး၊ လွန်းရာကျော် ချိတ်များအပါအဝင် ပိုးထည်၊ ချည်ထည်အမျိုးမျိုးတို့ကို လိုက်လံရှင်းလင်း ပြသပေးသည်။ အမှန်ကတော့ လွန်ခဲ့သောနှစ်ပေါင်း ၄၄ နှစ်၊ စစ်တက္ကသိုလ် ပထမနှစ် ဗိုလ်လောင်း လေ့လာရေး ခရီးစဉ်နှင့်အတူ ဤကျောင်းဝင်းအတွင်းသို့ ရောက်ရှိခဲ့ဖူးပါသည်။ ထိုစဉ်ကတော့ ဆောင်းဒါး ရက်ကန်းကျောင်းဟူ၍  မှတ်သားခဲ့ရဖူးသည်။ ၂၀၁၄ ခုနှစ်ရောက်မှသာ လက်ရှိအမည် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ ကျောင်းအမည်သို့  ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ယခုတော့ အဆိုပါသင်တန်းကျောင်းသည် ကျွန်တော်တို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအောက်တွင် ရှိနေခဲ့ပြီ။ ထို့ကြောင့် ငယ်စဉ်ကာလ ဗိုလ်လောင်းဘဝတုန်းကလို ကြည့်ရှုလေ့လာ မှတ်သားရုံမျှ လုပ်လို့မရတော့။ ဝန်ကြီးဌာန၏ မူဝါဒအတိုင်း သင်တန်းကျောင်း၏ ရည်မှန်းချက် တာဝန်များပြီးမြောက်အောင်မြင်အောင် ဖြည့်ဆည်းဆောင်ရွက်ပေးရမည်၊ ညှိနှိုင်းပေါင်းစပ် ပေးရမည်။

လွန်းပြန်အစ ဆောင်းဒါးက

ဆောင်းဒါးရက်ကန်းကျောင်းဟု ဆိုလိုက်သည်နှင့် Mr. LH Saunders ကို ရည်ညွှန်း မှည့်ခေါ်ခြင်း ဖြစ်ကြောင်း တော်တော်များများက သိထားပြီး ဖြစ်ပေလိမ့်မည်။ Mr. LH Saunders သည် ၁၉၁၄ ခုနှစ်တွင် အထက်မြန်မာပြည် တရားရေးမင်းကြီး တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် အင်္ဂလန်နိုင်ငံမှ လွန်းပြန်လက်ခတ်ကို ယူဆောင်လာကာ မြန်မာ့ ရိုးရာလက်ရက်ကန်းစင်ပေါ်တင်၍ အမရပူရ မြို့နယ်ရှိ ရက်ကန်းလုပ်ငန်းရှင်များကို ရက်ခတ်ပြသပေးခဲ့သည်။  လွန်းပြန်စနစ်ဖြစ်သောကြောင့် အနံကြီးကြီးရက်လုပ်နိုင်ခြင်း၊ ပိုမိုလျင်မြန်ခြင်း၊ လွန်းကိုလက်ဖြင့်မထိုးရဘဲ အလိုအလျောက်သွား ခြင်းတို့ကြောင့် လုပ်ငန်းလုပ်ကိုင်သူတို့ အကြိုက်တွေ့ကြသည်။ ၎င်းတို့၏ ဝိုင်းဝန်းတောင်းဆိုမှုအရ သင်တန်းများ စတင်ပို့ချပေးခဲ့ရာမှ ရက်ကန်း သင်တန်းကျောင်း စတင်ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ ထိုတရားရေးမင်းကြီး Mr. LH Saunders ကို ဂုဏ်ပြုသောအားဖြင့် ထိုရက်ကန်းကျောင်းကို ဆောင်းဒါးရက်ကန်းကျောင်းဟု အမည်ပေးထားခြင်း ဖြစ်ပေသည်။ ယင်းကျောင်းနှင့်အတူ လွန်းပြန် အစ ဆောင်းဒါးကဟူသော ဆိုရိုးစကားသည်လည်း ရက်ကန်းလောက၌ ပေါ်ပေါက်လာခဲ့သည်။


ထိုကာလမတိုင်မီ ၁၉၁၀ ပြည့်နှစ်ခန့်ကမူ မြန်မာ့ရိုးရာ လက်ထိုးရက်ကန်းစင်များကိုသာ အသုံးပြုခဲ့ကြရပြီး လွန်းကိုလက်ဖြင့်တွန်းပို့၍ ရက်လုပ်ရပါသည်။ အထည်သား၏ အနံ ၂၄ လက်မထက် ပိုမရက်နိုင်ပါ။ အနံသေးဖြစ်သောကြောင့် အချိန်ကြန့်ကြာပြီး ပင်ပန်းပါသည်။ ဂျပ်ခုတ်နှင့် အလားတူကြောင်း သိရ၏။ လွန်းပြန်လက်ရက်ကန်း စင်ကမူ အနံ ၄၅ လက်မအထိ ရက်လုပ်နိုင်သည်။ ဆောင်းဒါးရက်ကန်းကျောင်း၏ လွန်းပြန်လက်ရက်ကန်းများကို စက်ရက်ကန်းအဆင့်သို့ ကူးပြောင်းနိုင် စေရေးအတွက် ၁၉၅၂-၁၉၅၃ ခုနှစ်၌ ဂျပန်နိုင်ငံလုပ် (Harada, Hiramo, Suzuki) အစရှိသည့် စက် ရက်ကန်းစင်များတပ်ဆင်၍ ခြေလှမ်းသစ်စခဲ့ကြသည်။ စက်ရက်ကန်းအဆင့်သို့ တိုးမြှင့်တက်လှမ်း နိုင်ပြီး စက်ရက်ကန်းပညာ ပြန့်ပွားပေးနိုင်ခဲ့ပါသည်။ 

စုဖုရားလတ်၏ ဝတ်လဲတော်

“ဒါကဓာတုဆိုးဆေးသုံးထားတဲ့ အဖောက်ပုလဲ ဒီဇိုင်း အင်္ကျီစပါ”

“ဒါကတော့ ဖဲနှတ်ကောက် ကချင်ဒီဇိုင်း အမျိုးသမီးဝတ်လုံချည်ပါ၊ ဓာတုဆိုးဆေးပဲ သုံးထားပါတယ်”

“ဒီဘက်ကတော့ သဘာဝဆိုးဆေးသုံးထားတဲ့ သုံးပန်လှဒီဇိုင်း (ပန်းရောင်) အင်္ကျီစနဲ့ သီတကူ ဒီဇိုင်း (အညိုခဲအတိုင်စင်း) အင်္ကျီစတွေပါ”

ဆရာမကြီး ဒေါ်တင့်တင့်သည် တစ်ခန်းဝင် တစ်ခန်းထွက် ရှင်းပြရင်း စက်ရက်ကန်းများထားသည့် အခန်းသို့ ရောက်လာကြသည်။ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတွင် ရက်ကန်းဆိုင်ရာ နည်းပညာရပ်များကို စဉ်ဆက်မပြတ် ဖြန့်ဝေသင်ကြားပေးလျက်ရှိသည်။ စက်ရက်ကန်းဌာနတွင် Tappet စင်၊ Dobby စင်၊ Jacquard စင်များအပြင် ခေတ်မီနည်းပညာဖြင့် Shuttle Less Machine များဖြင့်လည်း Dobby စက်ခေါင်းဖြင့် ပိုမိုကောင်းမွန်လှပသော အဆင် ဒီဇိုင်းများရက်လုပ်ခြင်းအပြင် Jacquard Head ဖြင့်လည်း ပိုမိုဆန်းပြားသော အထည်ဒီဇိုင်းများကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ ထိုမှ ကျွန်တော်တို့သည် ဆရာမကြီးနှင့်အတူ ရက်ကန်းနှင့် အထည်အလိပ်ပြတိုက်ကို ဝင်ရောက်ကြည့်ရှုကြသည်။

“ဒါကရှေးခေတ် စော်ဘွားများ ဝတ်ဆင်ခဲ့တဲ့ ဝတ်ရုံဖြစ်ပါတယ်၊ ကာလတန်ကြေး သိန်း ၅၀ ကျော်နေပါတယ်”

“ဒါကတော့ စုဖုရားလတ်ရဲ့ ဝတ်လဲတော်ပါ၊ ဒါကမူရင်းဖြစ်ပြီးတော့ ဒီဘက်မှာရှိတဲ့ ဝတ်လဲ တော်ကတော့ သင်တန်းသူတွေကိုယ်တိုင် တူအောင်ရက်လုပ်ထားတာပါ”

“ဪ”

စုဖုရားလတ်ဆိုသည့်အသံကို ကြားလိုက်ရစဉ်ခဏ ကျွန်တော့်နှုတ်မှ ဪ….ဆိုသည့် အာမေဋိတ် အသံ ထွက်သွားမိပါသည်။ တစ်ချိန်က ရွှေနန်းတော် ကြီးတည်ရှိရာ မန္တလာမြေသို့လည်း ရောက်နေပြန်၊ ယမန်နှစ်ထဲကမှ ဆရာမြသန်းတင့်၏ တောင်သမန်ရွှေအင်းက  လေညင်းဆော်တော့ စာအုပ်ကို ဖတ်ထားပြန်ဆိုတော့ကာ  စုဖုရားလတ်ဆိုသည့် အသံကြားလိုက်သည်နှင့် သူ၏ရုပ်ပုံလွှာတို့က ကျွန်တော့်ရင်ထဲမှ တဖျတ်ဖျတ် အန်ကျလာပါတော့သည်။ ငယ်စဉ်ကျောင်းသားဘဝ တစ်လျှောက်လုံး သမိုင်းသင်ခန်းစာတွေသင်ရင်း စုဖုရားလတ်ကို တူးတူးခါးခါး မုန်းမိပါသည်။ သို့သော်ငြားလည်း အသက်အရွယ်ရလာသည်နှင့်အမျှ ဖတ်မိသမျှ စာအုပ်များက စုဖုရားလတ်၏ ရုပ်ပုံလွှာကို ပြတ်ပြတ်သားသား  ရှုမြင်လာစေခဲ့သည်။ ဆိုရသော်…စုဖုရားလတ်ကို ကျွန်တော်မမုန်းတော့ပါ။

စုဖုရားလတ်၏ ရုပ်ပုံလွှာ

၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ ပါတော်မူ ပြီးနောက် ရတနာဂီရိမှာ နေထိုင်ကြရစဉ် ၁၉၀၆ ခုနှစ်၌ သီပေါမင်းက ၄၈ နှစ်၊ စုဖုရားလတ်က ၄၆ နှစ် ၆ လ၊ ထိုအချိန်၌ သမီးတော်လေးယောက်ဖြစ်သည့် ထိပ်စုမြတ်ဖုရားကြီးက ၂၄ နှစ် ၆ လ၊ ထိပ်စုမြတ်ဖုရားလတ်က ၂၂ နှစ်၊ ထိပ်စုမြတ်ဖုရားက ၂၀ နှစ်၊ ထိပ်စုမြတ်ဖုရားလေးက ၁၉ နှစ် ရှိနေကြပေရာ သမီးတော်ထိပ်စုမြတ်ဖုရားကြီး  တစ်ဦးသာ သီပေါမင်း၏ ဝင်းတံခါးမှူး  တပ်ကြပ်ကြီး (ဟာဗီလ်ဒါ) အဆင့်ရှိ ဂိုပါးဘာအူရောင်းဆဝန့်နှင့် လက်ထပ်ခဲ့ပြီး ကျန်သမီးတော်များကို တိုင်းတစ်ပါးသားနှင့်မရအောင်  ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့ ကြောင်း တွေ့ရသည်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မမေ့သည့်သဘောပင်။

၁၈၈၄၊ ၁၈၈၅ မန္တလေးနန်းတွင်းရေး အခြေအနေများကို လေ့လာကြည့်သောအခါ သီပေါမင်းနှင့် စုဖုရားလတ်တို့၏ အားနည်းချက်များရှိသည် မှန်သော်ငြားလည်း ကင်းဝန်မင်းကြီး၊ တိုင်တားမင်း ကြီးတို့ ပြုပြင်ပြောင်းလဲရေးဝါဒီများ၏ ဂိုဏ်းဂဏ ကွဲပြားမှု၊ မြင်ကွန်းမင်းသား၊ ညောင်ရမ်းမင်းသား တို့အား မျှော်လင့်စောင့်စားပြီး သီပေါဘုရင်နေရာမှာ အစားထိုးလိုမှုတို့ဖြင့် မတည်မငြိမ်ဖြစ်နေကြကာ အင်္ဂလိပ်၊ ပြင်သစ်၊ အီတလီတို့၏ သုံးပွင့်ဆိုင်ခြေရှုပ်မှုများကလည်း ရှိလာနေပြီ ဖြစ်သည်။ ပြင်သစ်သည် ကမ္ဘောဒီးယား၊ လာအို၊ အိန္ဒိယနိုင်ငံများနှင့် နိုင်ငံရေး ဩဇာချဲ့ထွင်လာသကဲ့သို့ မြန်မာနိုင်ငံနှင့်လည်း ဘဏ်တိုက်ဖွင့်လှစ်ရေး၊ မီးရထားလမ်းဖောက်လုပ်ရေး ကန်ထရိုက်စာချုပ်များ  ချုပ်ဆိုလာသည်။ ပြင်သစ်၏  ခြေလှမ်းကျဲလာမှုကို အင်္ဂလိပ်က စောင့်ကြည့်လာခဲ့သည်။ ပြင်သစ်ထံမှ လက်နက် ခဲယမ်းများ တင်သွင်းရေးအပါအဝင် ၁၈၈၄ ခုနှစ် ဇန်နဝါရီလ၌ ပါရီမြို့တွင်ချုပ်ဆိုခဲ့သော ပြင်သစ်-မြန်မာ စာချုပ်သည် အထက်မြန်မာပြည်နှင့်ပတ်သက်၍ ပြင်သစ်အစိုးရ၏ မဟာဗျူဟာကျသော နောက်ဆုံး ခြေလှမ်းပင်တည်း။ ထိုအချိန်၌ ရွှေနန်းတော်ကြီးနှင့် အင်္ဂလိပ်တို့၏ ဘီဘီတီစီကုမ္ပဏီတို့ နင်းကြမ်း သစ်တောကိစ္စ အငြင်းပွားမှုများရှိလာခဲ့သည်။ အခွန် မဆောင်ဘဲ တရားမဝင်သစ်များ ခိုးထုတ်နေသည်ဟု စွပ်စွဲကာ မြန်မာအစိုးရက ကုမ္ပဏီကို ဒဏ်ငွေ ၂၃ သိန်း ငါးသောင်းအား ၁၈၈၅ ခု၊ ဩဂုတ်လ ၁၅ ရက်နေ့၌ တပ်ရိုက်ခဲ့သည်။

ဤနေရာတွင် နိုင်ငံခြားသူ မက်တီကာလိုဂရီဒီ၏ အခန်းကဏ္ဍကို ချန်လှပ်ထား၍မရပေ။ သူသည် အင်္ဂလိပ်ကပြား ဖြစ်သော်လည်း ပြင်သစ်လိုလားသူ ဖြစ်၏။ မန္တလေးတွင် သံတမန်ရပ်ကွက် ရှိနေပြီဖြစ်ရာ နန်းတွင်း၌ ဝင်ရောက်ခစားသော နိုင်ငံခြားသူများ လည်းရှိခဲ့သည်။ မက်တီကာလိုဂရီဒီသည် စုဖုရားလတ်၏ လူယုံဖြစ်လာခဲ့၏။ သူက  ပြင်သစ်လူမျိုး ဗွန်ဗီလိန်းကို နန်တွင်းစစ်ဘက်အကြံပေးနှင့် အဝယ်တော်ဖြစ်အောင် ကြံဆောင်ပေးပြီး အတူပေါင်းသင်း နေထိုင်သူဖြစ်သည်။ သို့သော် ဗွန်ဗီလိန်းက ပါရီသို့ ပြန်သွားပြီး မိန်းမတစ်ယောက် ထပ်ယူလာသောအခါ မက်တီသည် ဒေါသအကြီးအကျယ်ပေါက်ကွဲကာ ဗွန်ဗီလိန်း၏ အကျိုးစီးပွားရော ပြင်သစ်အစိုးရ၏ အကျိုးစီးပွားများပါ ပျက်စီးစေမည့် လက်စားချေရေး စီမံကိန်းကို ရေးဆွဲစတင်ပါတော့သည်။ ကင်းဝန် မင်းကြီး၏ စာရေးဖြစ်သူကိုမြှူဆွယ်၍ ဆန်ပေး ဆေးယူလုပ်ကာ အရေးပါသည့် ပြင်သစ်-မြန်မာ စာချုပ်များကို ခိုးယူသည်။ ယင်းနောက် အီတလီ ကောင်စစ်ဝန် အန်ဒရေနိုမှတစ်ဆင့် အင်္ဂလိပ်တို့ လက်ထဲသို့ စာချုပ်များ ထည့်လိုက်ပါတော့သည်။
ဤသို့ဖြင့် အင်္ဂလိပ်အစိုးရသည် ဘီဘီတီစီ ကုမ္ပဏီ၏ သစ်ကိစ္စ၊ ပြင်သစ်တို့၏စွက်ဖက်လာ သည့်ကိစ္စ စသည့်အကြောင်းအမျိုးမျိုးတို့အပေါ် သုံးသပ်၍ အထက်မြန်မာပြည်ကို သိမ်းပိုက်ရန် ဆုံးဖြတ်ချက်ချပြီး ဗိုလ်ချုပ်ပရင်ဒါဂတ်စ် ဦးဆောင်သော ရေတပ်စစ်သင်္ဘောများဖြင့် မန္တလေးသို့ချီခဲ့ သည်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်တွင် မန္တလေး ဆိပ်ကမ်းသို့ရောက်သည်။ နိုဝင်ဘာ ၂၈ ရက်တွင် အရှင် နှစ်ပါးပါတော်မူခဲ့သည်။ အင်္ဂလိပ်စစ်သင်္ဘောများ မန္တလေးဆိပ်ကမ်းသို့ရောက်နေပြီဆိုသည့် သတင်း ကြားရသဖြင့် စုဖုရားလတ်သည် ကိုယ်တိုင်နန်းမြင့် မျှော်စင်ပေါ်သို့ တက်၍ကြည့်ကြောင်း၊ ဟုတ်မှန် ကြောင်း တွေ့မြင်ခဲ့ရပြီး ပြန်လည်ဆင်းသက်ကာ နန်းမြင့်မျှော်စင်ခြေရင်း၌ သည်းထန်စွာငိုကြွေး ခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ ရတနာဂီရိ တွင် လိုက်ပါနေထိုင်ရင်း သီပေါဘုရင်ကွယ်လွန်ပြီး နောက် အင်္ဂလိပ်အစိုးရက ရန်ကုန်သို့ ပြန်ခွင့်ပေးသဖြင့် ၁၉၁၉ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင် မိသားစုဝင်များနှင့်အတူ ပြန်လည်ရောက်ရှိလာပြီး ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ အမှတ် ၂၃ တွင် နေထိုင် သည်။ သက်တော် ၆၆ နှစ်အရွယ် ၁၉၂၅ ခုနှစ် နိုဝင် ဘာလ ၂၄ ရက်နေ့ နံနက် ၅ နာရီတွင် ကံတော် ကုန်ခဲ့သည်။ ဤသည်တို့ကား ဝတ်လဲတော်တစ်ပိုင်းမှ အစပြုခဲ့သည့် ကျွန်တော့်စိတ်အာရုံထဲက စုဖုရားလတ်၏ ရုပ်ပုံလွှာ တစ်စိတ်တစ်ဒေသပါပေတည်း။

 လက်တွေ့ဆောင်ရွက်နေသောလုပ်ငန်းများ

ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ခြောက်လ ဘတ်ဂျက် အတွင်းဆောင်ရွက်ခဲ့သော လုပ်ငန်းများမှာ သဘာဝ ဆိုးဆေးသုံး အိပ်ရာခင်း၊ ခေါင်းအုံးစွပ်၊ ဖက်လုံးစွပ် များရက်လုပ်ခြင်း၊ ယင်းလိပ် (ချည်၊ ဝါး)၊ အမျိုးသမီး ဝတ်လုံချည်များ၊ ဂျပ်ခုတ်တဘက်၊ ကြာချည် အတိုင်/ အဖောက်ပဝါ၊ သဘာဝဆိုးဆေးသုံး အမျိုးသမီးဝတ်လုံချည်နှင့် အင်္ကျီစများကို ရက်လုပ် နိုင်ခဲ့သည်။ ကြာချည် အတိုင်/ အဖောက်ပဝါ၏ ထုတ်လုပ်မှုစရိတ်သည် ကျပ် နှစ်သိန်းခန့်ကုန်ကျပြီး ပြင်ပပေါက်ဈေးကျပ် ၂၅၀၀၀၀ ခန့်ရှိကြောင်း သိရ ၏။ သုတေသနဖွံ့ဖြိုးရေး လုပ်ငန်းများအနေဖြင့်လည်း လက်ငင်ချည်ထုတ်လုပ်သုံးစွဲမှုဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး သုတေသန၊ ဖဲနှတ်အကောက်ထည်များ ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး သုတေသန၊ ရိုးရာရွှေချည်ထိုး ရုပ်သေးနည်းပညာရပ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ဈေးကွက်ဖော်ထုတ်ပေး ရေးဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်တွင်မူ “ပြည်တွင်းရက်ကန်းထုတ်ကုန်များ ဈေးကွက်မြှင့် တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး သုတေသနလုပ်ငန်း အဖြစ် ရိုးရာကို အခြေခံသော ဖက်ရှင်ဒီဇိုင်းသင်တန်း” ဖွင့်လှစ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းစီမံချက် ရေးဆွဲဆောင်ရွက်လျက်ရှိသည်။

ဖွင့်လှစ်ပေးနေသော သင်တန်းများ

ပညာသင်နှစ်အလိုက် ဖွင့်လှစ်သင်ကြားပေးနေသော သင်တန်းအမျိုးအစားများမှာ ချည်မျှင်နှင့် အထည်အလိပ် ဒီပလိုမာတစ်နှစ်သင်တန်း၊ ချည်မျှင် နှင့် အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်း၊ ရိုးရာလွန်းရာကျအချိတ် ခြောက်လသင်တန်း၊ လက်ရက်ကန်းခြောက်လသင်တန်း၊ ရွှေချည်ထိုး ငွေချည်ထိုး သုံးလသင်တန်းများဖြစ်သည်။ ထို့ပြင် ကာလတိုသင်တန်းများအဖြစ် ချည်ထည်၊ ပိုးထည်ဆိုင်ရာ သဘာဝဆေးဆိုးနည်း အခြေခံ သင်တန်း၊ အထည်ဆေးရေးနှင့် ပန်းပုံရိုက် အခြေခံ သင်တန်း၊ စက်ချုပ်နည်းပညာ အခြေခံသင်တန်း၊ စက်ရက်ကန်းစက်ပြင်နှင့် စက်မောင်း  ToT သင်တန်းများဖြစ်ကြသည်။

ဆောင်းဒါးအတွက် မုဒိတာ

အမရပူရသည် ရှေးဘုရင်များ နန်းတည်စိုးစံခဲ့ သောမြို့၊ တန်ခိုးကြီးဘုရားများ၊ စာသင်တိုက်ကြီး များဖြင့် ဘာသာသာသနာ ရောင်ဝါလင်းခဲ့သောမြို့၊ တောင်သမန်အင်းနှင့် ဦးပိန်တံတားကြောင့် နာမည် ကျော်ကြားခဲ့သောမြို့၊ သပြေတန်းခံတပ်၏ အရှိန် အဝါကြောင့် ဇာတိသွေးဇာတိမာန် တက်ကြွစေသော မြို့ဖြစ်သည်။ ဤမြို့ဟောင်းတွင် မိမိတို့ဝန်ကြီးဌာန ၏ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာ သိပ္ပံ ကျောင်းတည်ရှိနေခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ရပါသည်။ ဆောင်းဒါး၏ အစဉ်အလာ ကောင်းများကို ဆက်လက်ထိန်းသိမ်းရင်း ရိုးရာယဉ်ကျေးမှုကို အခြေခံသည့် နည်းပညာဆန်းသစ်မှု များဖြင့် ဆတက်ထမ်းပိုး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ကြပါစေ….။  ။