သျှမ်းနီ တိုင်းရင်းသား စာပေညီလာခံ မိုးညှင်းမြို့တွင် နှစ်ရက်ကြာကျင်းပ

မိုးညှင်း ၁၁ ဖေဖော်ဝါရီ

 

 

သျှမ်းနီတိုင်းရင်းသား စာပေညီလာခံကို မိုးညှင်းမြို့ အရှေ့ကျောင်း ပရိယတ္တိ စာသင်တိုက် အပေါ်ထပ်၌ နှစ်ရက်ကြာ ကျင်းပခဲ့ရာ ယနေ့နံနက်(၁၀)နာရီတွင် ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပသည်။

 

သျှမ်းနီစာပေ ဘုတ်အဖွဲ့ဖွဲ့စည်းနိုင်ရေးနှင့် မျိုးနွယ်စုစာပေ စံသတ်မှတ်နိုင်ရေး ရည်ရွယ်ချက်နှင့် ကျင်းပသော အဆိုပါညီလာခံသို့ သံဃာအပါး(၁၀ဝ) နှင့်ကချင်ပြည်နယ်ဒေသအသီးသီးရှိ   သျှမ်းနီတိုင်းရင်း သားကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်တို့မှ သျှမ်းနီတိုင်း ရင်းသားကိုယ်စားလှယ် (၂၀ဝ) ဦးတက်ရောက်ခဲ့ကြသည်။

 

စာပေညီလာခံကျင်းပသော ပထမနေ့တွင်  သံဃာ(၄၇) ပါးနှင့် ကိုယ်စားလှယ်(၁၉) ဦးပါဝင်သော စာပေဘုတ်အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ဒုတိယနေ့အဖြစ် သျှမ်းနီ(တိုင်းလိုင်/တိုင်းနိုင်း) မျိုးနွယ်စုစာပေရေးရာကိစ္စများ ဆွေးနွေးခဲ့ကြသည်။

 

စာပေညီလာခံကျင်းပရေးနှင့် ပတ်သက်၍ သျှမ်းနီ(ခ)တိုင်းလိုင် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး အကျိုးဆောင် ဗဟိုကော်မတီ ဒုတိယဥက္ကဌဦးတင်ငွေလေးက  ဒေသအလိုက်အခေါ်အဝေါ်ကွဲပြား တာလေး တွေကို ပြန်လည်ညှိနှိုင်းရန်နှင့် သျှမ်းနီစာပေ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန် စာပေညီလာခံ ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

 

တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနကတဆင့် အခြေခံပညာကျောင်းတွေမှာ တိုင်းရင်းသားစာပေ သင်ကြားနိုင်ရေး သင်ရိုးညွှန်းတမ်း စာအုပ်တွေ ပြဌါန်းနိုင်ရန်နှင့် ပြဌါန်းစာအုပ်ကိုတော့ အခြေခံပညာ ဦးစီးဌာနက ထုတ်ဝေမှာဖြစ်တယ်ဟု ပြောကြားသည်။

 

ကချင်ပြည်နယ်တွင် တိုင်းလိုင်/တိုင်းနိုင်း(ခ)ရှမ်းနီ၊ တိုင်းလုံ၊ တိုင်းဆာ၊ တိုင်းလေ၊ တိုင်းခန္တီးဟူသည့် ရှမ်းမျိုးနွယ်စုများ နေထိုင်ကြကြောင်း သိရသည်။

 

 

 

 

ကျော်ကျော်ထွေး(မိုးညှင်း)