သမ္မတထရမ့် ကိုဗစ် - ၁၉ ကူးစက်ခံရပြီး ဆေးရုံတက်ရောက်ပြီးနောက် အိမ်ဖြူတော်သို့ ပြန်ရောက်လာ

ဝါရှင်တန် ၇ အောက်တိုဘာ  

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကိုဗစ်-၁၉ ကူးစက်မှုကြောင့် စစ်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူပြီးနောက်တွင် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီ ဖြစ်သောကြောင့် ဆေးရုံမှဆင်းကာ အိမ်ဖြူတော်သို့ ပြန်ရောက်လာကြောင်း သိရသည်။

 

သမ္မတထရမ့်က အောက်တိုဘာ ၂ ရက်တွင် ကိုဗစ်- ၁၉ ကူးစက်ခံထားရပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ရောဂါပိုး စစ်ဆေးတွေ့ရှိပြီးနောက်တွင် ၎င်းကို ဝါရှင်တန်ဒီစီအပြင်ဘက်ရှိ ဝေါ်လ်တာရီ အမျိုးသား တပ်မတော်ဆေးကုသရေးစင်တာသို့ ရွှေ့ပြောင်းခဲ့သည်။ သမ္မတထရမ့်သည် စစ်ဆေးရုံ၌ ဗိုင်းရပ်စ်သတ်ဆေးများနှင့် အခြားကုထုံးများဖြင့် ကုသမှုခံယူခဲ့သည်။

 

သမ္မတထရမ့် ကျန်းမာရေးအခြေအနေတိုးတက် ကောင်းမွန်လာပြီးနောက် အောက်တိုဘာ ၆ ရက်တွင်ဆေးရုံ မှဆင်းလာခဲ့သည်။ ဆေးရုံအပြင်ဘက်သို့ လမ်းလျှောက်လာခဲ့စဉ် သမ္မတထရမ့်က ကျေးဇူးတင်စကားဆိုခဲ့သည်။

 

ထို့နောက်တွင် ထရမ့်သည်သမ္မတစီးနင်းသည့် မရင်းဝမ်း ရဟတ်ယာဉ်ဖြင့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ဆရာဝန်များက သမ္မတထရမ့်၏ အခြေအနေကို အချိန်နှင့်အမျှ ကောင်းစွာ စစ်ဆေးစောင့်ကြည့်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းမတိုင်မီ အစောပိုင်းတွင် သမ္မတထရမ့်သည် တွစ်တာပေါ်၌ ၎င်းနေထိုင်ကောင်း လျက်ရှိကြောင်း ရေးသားခဲ့သည်။

 

သမ္မတထရမ့်အနေဖြင့် သမ္မတရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးသည့်နေ့ရက်မတိုင်မီ တစ်လသာလိုတော့သည့် အချိန်တွင် မိမိကိုယ်ကိုယ် ကြံ့ခိုင်သန်မာသည့် ခေါင်းဆောင် တစ်ယောက်အဖြစ် ပုံဖော်လိုသည့်အတွက် အိမ်ဖြူတော်သို့ မြန်မြန်ပြန်ရောက်လာခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေး ကျွမ်းကျင်သူများက ဖော်ပြကြသည်။

 

အင်န်အိတ်ချ်ကေ