သမက်ဖြစ်သူက ယောက္ခမဖြစ်သူကို ဓားဖြင့်ထိုး၍ သေဆုံးမှု ကျွန်းစုမြို့နယ်၌ ဖြစ်ပွား

ကျွန်းစု  ၁၇   သြဂုတ် 


တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ ကဘင်းချောင်းကျေးရွာ၌ သြဂုတ် ၁၆  ရက်နေ့ ည ၉ နာရီအချိန်ခန့်က သမက်ဖြစ်သူမှ ယောက္ခမဖြစ်သူအား ဓားဖြင့်ထိုး၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ စိုင်းနေဇာဦး(ခ)နေဇာသည် အရက်သေစာသောက်စားမူးရစ်ကာ နေအိမ်သို့ရောက်ရှိလာပြီး ဇနီးဖြစ်သူ မစန်းစန်းနွယ်နှင့် ပြဿနာဖြစ်နေကြရာ အိမ်၏အနီးတွင်နေထိုင်သော ဖခင်ဖြစ်သူဦးထွန်းကြည်က သွားရောက်ဟန့်တားရာ သမက်ဖြစ်သူက ပြန်လည်အော်ဟစ်ဆဲဆိုခဲ့၍ ဒေါသဖြစ်ပြီး နေအိမ်အတွင်းမှ ဓားမဦးကုတ်တစ်ချောင်းအားကိုင်ကာ သွားရောက်ခဲ့စဉ် သမက်ဖြစ်သူက နေအိမ်ပေါ်မှဆင်းလာသဖြင့် ဓားဖြင့်ခုတ်ရန်ရွယ်လိုက်ရာ သမက်ဖြစ်သူမှ အသင့်ပါလာသော ကော်ရိုးအမဲအရှည်(၄)လက်မ၊ အသွားအရှည် (၆)လက်မ၊ ဗျက်(ဝ.၈)လက်မ၊ အရိုးအသွားအရှည်(၁၀)လက်မခန့်ရှိ ကြက်သွန်လှီးဓားဦးချွန်ဖြင့် ဦးထွန်းကြည်၏ ဝမ်းဗိုက်အား(၂)ဆက်ဆင့်ထိုးခဲ့သောကြောင့် ဝမ်းဗိုက်တွင် ပြတ်ရှဒဏ်ရာ (စိုးရိမ်ရ)ရရှိသွားခဲ့ပြီး ဒဏ်ရာရရှိသူ ဦးထွန်းကြည်အား မြို့နယ်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသစဉ် ရရှိသောဒဏ်ရာဖြင့် ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်အရ ပြစ်မှုကျူးလွန်သူ စိုင်းနေဇာဦး(ခ)နေဇာကို ကျွန်းစုမြို့မရဲစခန်းမမှ ဥပဒေအရ အမှုဖွင့်လှစ်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


စည်သူရအောင် (ကျွန်းစု)