သမိုင်းတွင်စေမည့် သီးသန့်အစည်းအဝေး

၁၆  အောက်တိုဘာ

 

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့သည် မြန်မာ့သမိုင်း၌ မှတ်တမ်းတင်ရမည့် နေ့ရက်တစ်ရက် ဖြစ်ပါသည်။ ဤရက်၌ နိုင်ငံတော်အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေးကို နေပြည်တော်ရှိ ရွှေစံအိမ် ဟိုတယ်၌ ကျင်းပခဲ့ပါသည်။ ဤသီးသန့်အစည်းအဝေးသည် မြန်မာ့သမိုင်း၌ ပထမဦးဆုံးအကြိမ် ကျင်းပသည့် သီးသန့်အစည်းအဝေး ဖြစ်ပါသည်။ တစ်ဖန် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့သည် ပြီးခဲ့သည့် သမ္မတ ဦးသိန်းစိန်လက်ထက်၌ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၈) ဖွဲ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သည့် သုံးနှစ်မြောက်နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။

 

အနာဂတ် အလားအလာကောင်းတို့ကို ဖော်ဆောင်ပေးမည့် အဆိုပါ အောက်တိုဘာလ ၁၅ ရက် သီးသန့်အစည်းအဝေး၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီနှင့်ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများနှင့် ပတ်သက်သည့် ကတိကဝတ်များကို သဘောတူချမှတ်ရာ၌ စိတ်ရင်းစေတနာမှန်ဖြင့် ဆုံးဖြတ်နိုင်သည့် “သတ္တိ” ရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ဤနေရာ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသော “သတ္တိ” ဟူသော ဝေါဟာရ ၏အဓိပ္ပာယ်ကို နက်နက်ရှိုင်းရှိုင်းနားလည်ရန် လိုအပ်ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ ခေါင်းဆောင်တွေကိုယ်တိုင် တက်ရောက်လာကြတဲ့ ဒီကနေ့လို အစည်းအဝေးမျိုးမှာ သတ္တိရှိရှိ နဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်း မရှိဘူးဆိုရင် ကျွန်မတို့ရဲ့ ပြည်သူတွေအပေါ် တာဝန်မကျေရာ ရောက်သွားစေနိုင်တယ် ဆိုတာကိုလည်း သတိပြုကြဖို့ လိုပါတယ်” ဟု ပြောကြားခဲ့ခြင်းသည် တိုင်းပြည်၏အမျိုးသားရေး လိုအပ်ချက်ကိုဖြည့်ဆည်းရန် မည်ကဲ့သို့သော “သတ္တိ” ရှိရန်လိုအပ်သည်ကို ပွင့်ပွင့်လင်းလင်း ထင်ထင်ရှားရှား ညွှန်ပြနေပါသည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လက်ရှိလျှောက်လှမ်းနေသည့် ငြိမ်းချမ်းရေးလမ်းကြောင်း၌ ရလဒ်ကောင်းများ ပေါ်ထွက်ရေးက မည်မျှအရေးပါသည်ကို အလေးအနက်ထား သတိပေးပြောကြားခဲ့ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်မတို့ရပ်မနေဘူး၊ ရှေ့ကိုဆက်ပြီး လျှောက်လှမ်းနေတယ်ဆိုတာကို သက်သေပြနိုင်ဖို့၊ ဒီကနေ့ သီးသန့်အစည်းအဝေးကနေ ရလဒ်ကောင်းတွေထွက်ပေါ်လာနိုင်ဖို့ ခေါင်းဆောင်များအားလုံးက သတ္တိရှိရှိ၊ သန္နိဋ္ဌာန် ခိုင်ခိုင်မာမာနဲ့ ကြိုးပမ်းပေးကြပါ။ ဒီလိုကြိုးပမ်းကြရာမှာလည်း မိမိတို့ရဲ့စိုးရိမ်မှုတွေ၊ ပူပန်မှုတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဝေမျှပြီး ဒီစိုးရိမ်မှုတွေပြေပျောက်အောင် အားလုံးက ဝိုင်းဝန်းစဉ်းစားအဖြေရှာပေးကြပါ” ဟု ပြောကြားခဲ့ခြင်းသည် ရလဒ်ကောင်းများထွက်ပေါ်ရေး၏ အရေးပါမှုနှင့်အတူ ဤရလဒ်ကောင်းများ ရရှိရေးအတွက် ဆုပ်ကိုင်သင့်သည့်သဘောထားတို့ကို မီးမောင်းထိုးဖော်ပြနေပါသည်။

 

နေပြည်တော်၌ ကျင်းပလျက်ရှိသည့် ဤသီးသန့်အစည်းအဝေး၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၁၀)ဖွဲ့၏ ခေါင်းဆောင်များတက်ရောက်၍ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု၏ အရေးပါသော အခြေခံမူများဖြစ်သည့် ခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တစ်ခုတည်းသော တပ်မတော်ထားရှိရေးတို့ကို ဆွေးနွေးမည်ဖြစ်ပါသည်။ အဆိုပါ သီးသန့်အစည်းအဝေးနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး မထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်း ရေးကော်မတီ (FPNCC)က “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)အပါအဝင် ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေမည့် မည်သို့သော လမ်းကြောင်းမျိုးမှမဆို ကြိုးပမ်းဆောင်ရွက်မှုမှန်သမျှအား အစဉ်အမြဲထောက်ခံပါကြောင်း” ကြေညာချက်တစ်ရပ်ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့၌ ထုတ်ပြန်ခဲ့ပါသည်။ နိဂုံးချုပ်အနေဖြင့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်ပေးမည့် ကျင်းပလျက်ရှိသော ဤသီးသန့်အစည်းအဝေးကို လေးလေးနက်နက် ကြိုဆိုဂုဏ်ပြုပါကြောင်း ဝမ်းမြောက်ဝမ်းသာ တင်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း