သမိုင်းတစ်ခေတ်က အနုပညာလက်ရာများကို လေ့လာနိုင်မည့် ကော့ဂွန်းဂူဘုရား

သမိုင်းတစ်ခေတ်က ဗုဒ္ဓရုပ်ပွားတော်များနှင့် အနုပညာလက်ရာများကို ဖူးမြော်လေ့လာနိုင်သည့် နေရာတစ်ခုဖြစ်သော ကရင်ပြည်နယ် ဘားအံမြို့နယ်မှ ကော့ဂွန်းဂူဘုရားသို့ ပြည်တွင်း ပြည်ပမှ ခရီးသွားဧည့်သည်များ နေ့စဉ် ရာနှင့်ချီ၍ လာရောက်လည်ပတ်လေ့လာလျက်ရှိပြီး ယခင်ထက် လာရောက်မှု များပြားလာခြင်းဖြစ်ကြောင်း သိရသည်။ 

 

ကော့ဂွန်းဂူဘုရားသို့ ဘားအံမြို့နယ် သံလွင်တံတားအနီး ဘားကပ်ကျေးရွာလမ်းခွဲမှတစ်ဆင့် ယာဘက်သို့ချိုးကွေ့ကာ လမ်းညွှန်ဆိုင်းဘုတ်များအတိုင်း လာရောက်နိုင်ကာ ကော့ဂွန်းဂူဘုရားသို့ နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ရာနှင့်ချီ၍ လာရောက်လျက်ရှိသည်။ ကရင်ပြည်နယ် ဧည့်လမ်းညွှန်အသင်း ဖွဲ့စည်းထားသော်လည်း ချိတ်ဆက်ငှားရမ်းနိုင်ရန် အစီအမံများ အားနည်းနေသည့်အတွက် ဧည့်လမ်းညွှန်ငှားရမ်း မလာဘဲ ကိုယ်တိုင်နေ့ချင်းပြန် လာရောက်ကြသည့် နိုင်ငံခြားသားများအနေဖြင့် ဘာသာစကားအခက်အခဲ ကြုံတွေ့ရသည်များလည်းရှိကာ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာရေးအတွက် လိုအပ်ချက်အချို့ရှိနေသေးကြောင်းလည်း သိရသည်။

 

''နေ့စဉ် နိုင်ငံခြားသားခရီးသွားဧည့်သည် ငါးဆယ်နှင့် တစ်ရာအကြား လာရောက်ပြီး ပြည်တွင်းဘုရားဖူးသူက ငါးရာကျော်အထိ နေ့စဉ်လာရောက်ပါတယ်၊ ပြည်တွင်းဘုရားဖူးလာ သူများအနေနဲ့ အခက်အခဲမရှိပေမယ့် နိုင်ငံခြားသားခရီးသွား ဧည့်သည်များအနေနဲ့ ဘာသာစကားအခက်အခဲကြောင့် ဘာသာစကား ကျွမ်းကျင်တဲ့ ဧည့်လမ်းညွှန်တွေ ထားပေးရင်တော့ ပိုပြီးအဆင်ပြေမယ်၊ ဦးပဉ္စင်းအနေနဲ့ ဂိုက်မပါလာတဲ နိုင်ငံခြားသားဧည့်သည်တွေကို အချိန်ရသလောက်တော့ ရှင်းပြပေးတယ်၊ ခုဆိုရင် နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေက တစ်နေ့ထက်တစ်နေ့ ပိုများလာတယ်၊ အချို့က နေ့ချင်းပြန်လာတာကြောင့်ရော တစ်ခါမှ မရောက်ဖူးတာကြောင့်ရော ဘုရားတွေမှာပဲ ဧည့်လမ်းညွှန် စီစဉ်ထားတာတွေ ရှိမယ်ထင်ပြီး ဧည့်လမ်းညွှန်တွေ ပါမလာဘူးလေ၊ ဒီရောက်တော့ သူတို့သိချင်တာကို ဦးပဉ္စင်းက ရှင်းပြပေးရတယ်၊ အချို့လည်း သိချင်ပေမယ့် ဘာသာစကားအခက်အခဲကြောင့် လှည့်လည်ကြည့်ရှုပြီး ပြန်သွားရတယ်၊ ရှင်းပြနိုင်တဲ့သူရှိရင်တော့ ကိုယ်နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို နိုင်ငံတကာက ပိုမိုသိရှိလာနိုင်တယ်''ဟု ကော့ဂွန်းဂူ သဒ္ဓမ္မရတနာဓမ္မာရုံကျောင်းတိုက်မှ ဆရာတော် ဦးဓမ္မ ပါလက မိန့်ကြားသည်။

 

ဘားအံမြို့နယ်အတွင်း နိုင်ငံခြားသားများစိတ်ဝင်စားသည့် နေရာများဖြစ်သော ဘုရင့်ညီဂူ ရေပူစမ်း၊ ရသေ့ပျံဂူ၊ ကော့ဂွန်းဂူ၊ လင်းနို့ဂူ၊ ဆဒ္ဒန်ဂူနှင့် ကော့ကသောင်ဂူတို့မှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသောကြောင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအနေဖြင့် နေ့ချင်းပြန်သွားလာ၍ ရသည်အတွက် နေ့စဉ် ခရီးသွားဧည့်သည်များ လာရောက်မှုများပြားလာလျက်ရှိသည်။

 

အဆိုပါ ဂူဘုရားများတွင် ကော့ဂွန်းဂူသည် သမိုင်းဝင်ဂူဘုရားဖြစ်ပြီး ဂူအတွင်း၌ ရှေးဟောင်းလက်ရာများဖြစ်သော အုတ်ခွက်ဘုရားများနှင့် ဗုဒ္ဓရုပ်ပွားတော်များ၊ ရှေးဟောင်း ဗုဒ္ဓဝင် ကျောက်ဆစ်ပန်းပုလက်ရာများ၊ သက္ကတဘာသာဖြင့် ရေးထိုးထားသည့် ကျောက်စာ၊ ဗုဒ္ဓဘာသာဝင်တို့အတွက် အထွတ်အမြတ်ဖြစ်သော ဓမ္မစကြလှည်းဘီးပုံ၊ လက်ရေးစင်း အမှတ်အသားပါ အုတ်ချပ်များ၊ ကျောက်ဆစ်ပန်းပု လက်ရာများ အစရှိသည်တို့မှာ သမိုင်းတစ်ခေတ်က အနုပညာလက်ရာများဖြစ်ရာ ရှေးဟောင်းရုပ်ပွားတော်များနှင့် အနုပညာလက်ရာများကို ဖူးမြော်လေ့လာနိုင်သည့်အတွက် ခရီးသွားဧည့်သည်များ နေ့စဉ် လာရောက်မှု များလာခြင်းဖြစ်ကြောင်းလည်း သိရသည်။ 

 

သတင်းဆောင်းပါး- မင်းသူ၊ ထွန်းထွန်းထွေး(ဘားအံ)