သမိုင်းပေးတာဝန်ကျေပွန်သည့် မြန်မာ့ရုပ်ရှင်

လူမှုဘဝကို အသိပေးနှိုးဆော်နိုင်သည့် အတတ်ပညာမှာ ရုပ်ရှင်အတတ်ပညာ ဖြစ်သည်။ လူတို့၏ စိတ်နှလုံးသားကို ညွတ်ပျောင်းနှိုးဆွအသိပေးနိုင်သည့် ပညာမှာ ရုပ်ရှင်အတတ်ပညာဖြစ်သည်။ ထိုသို့သော အတတ်ပညာဖြင့် မြန်မာ့လူဘောင်ကို ဖန်တီးပုံဖော်နိုင်ခဲ့သည့် မြန်မာ့ရုပ်ရှင်သည် ယခုအခါ နှစ် ၁၀၀ ကာလသို့ ချင်းနှင်းရောက်ရှိ လာပြီဖြစ်သည်။ နှစ် ၁၀၀ လူ့သမိုင်းကို လှုပ်ရှားသက်ဝင် မော်ကွန်းတင်နိုင်ခဲ့သည့် မြန်မာ့ရုပ်ရှင်ကို အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်ရမည် ဖြစ်သည်။

 

လူသည် မိမိတို့၏ခံစားချက်များကို ထုတ်ဖော်လှစ်ဟလိုကြသူများ ဖြစ်သည်။ မိမိကိုယ်တိုင် ထုတ်ဖော်လှစ်ဟ၍ဖြစ်စေ၊ မိမိခံစားချက်များနှင့် ထင်ဟပ်၍ သရုပ်ဖော်ဖွင့်ဟချက်များကိုဖြစ်စေ နှစ်ခြိုက်သဘောကျကြသူများ ဖြစ်သည်။ တစ်နည်းဆိုလျှင် လူတို့သည်မိမိတို့၏ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် နိစ္စဓူဝ ရုန်းကန်လှုပ်ရှားနေရသဖြင့် မိမိတို့၏ ခံစားမှုကို လှစ်ဟခွင့်မရကြပေ။ ထို့ကြောင့် မိမိတို့ခေတ်ကာလ မိမိတို့ဘဝနှင့် တစ်ထပ်တည်းကျအောင် လှစ်ဟဖွင့်ပြ နိုင်သောရုပ်ရှင်ကို မြတ်နိုးတွယ်တာခုံမင်ကြသည်။

 

မြန်မာ့ရုပ်ရှင်ကိုလန်ဒန်အတ်ဦးအုန်းမောင်က ပထမဆုံး အသံတိတ် ရုပ်ရှင်ဇာတ်ကားဖြင့် စတင်ဖန်တီးခဲ့သည်မှစလျှင် မြန်မာ့ရုပ်ရှင်သမိုင်း သည် နှစ်ပေါင်း ၁၀၀ ရှည်ကြာခဲ့ပြီဖြစ်သည်။ ရုပ်ရှင်သည် ခေတ်ကာလကို ထင်ဟပ်စေသကဲ့သို့ ထိုခေတ်ကာလက ပြည်သူလူထုတို့၏ဘဝများ၊ နိုင်ငံရေး၊ စီးပွားရေးစနစ်များကို ပြည်သူတို့၏ စိတ်နှလုံးသား ခံစားမှုများနှင့် တစ်ထပ်တည်းကျအောင် သရုပ်ဖော်ခဲ့ကြသည်။ ဤသို့ဆောင်ရွက်မှုများကြောင့် မြန်မာ့ရုပ်ရှင်သည် သမိုင်းပေးတာဝန်များကို ကျေပွန်အောင် ဖော်ဆောင်နိုင်ခဲ့သည်။

 

ပထမဆုံးမြန်မာ့ရုပ်ရှင် အသံတိတ်ဇာတ်ကားကို အင်္ဂလိပ်-မြန်မာ စာတန်းရေးထိုး၍ သရုပ်ဆောင်လှုပ်ရှားမှုများဖြင့် တစ်ထပ်တည်းကျစွာ ပြည်သူလူထုအကြိုက် အောင်မြင်စွာ ရုံတင်ပြသနိုင်ခဲ့သည့် ၁၉၂၀ ပြည့်နှစ် ၊ အောက်တိုဘာလ ၁၃ ရက်နေ့ကို မြန်မာ့ရုပ်ရှင်နေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ် ဂုဏ်ပြုလာခဲ့သည်မှာ ငွေရတု၊ ရွှေရတု၊ စိန်ရတုတို့ကို ဖြတ်သန်းခဲ့ပြီးနောက် မကြာမီကာလတွင် နှစ် ၁၀၀ ပြည့်ကာလသို့ ရောက်ရှိတော့မည်ဖြစ်သည်။ မြန်မာ့ရုပ်ရှင်သည် နှစ်၁၀၀ ပြည့်သည့်တိုင်အောင် နိုင်ငံနှင့်ပြည်သူအပေါ်တွင် တာဝန်ကျေခဲ့သည်ဟု ပြောရမည်ဖြစ်သည်။

 

မြန်မာ့ရုပ်ရှင်သည် ခေတ်ကာလအားဖြင့် လူမှုဘဝများ၊ စီးပွားရေး အခြေအနေများ၊ နိုင်ငံရေးအပြောင်းအလဲများကို မီးမောင်းထိုးပြနိုင်ခဲ့ပြီး ကိုလိုနီခေတ် အုပ်ချုပ်ရေးစနစ်၏ မတရားဖိနှိပ်မှုများ၊ အကျင့်ဖောက်ဖျက်မှုများ၊ ပြည်သူလူထု မျိုးချစ်စိတ်ဓာတ် နိုးကြားထက်သန်စေမှုများကို ရဲရဲဝံ့ဝံ့ ထိထိရောက်ရောက် ထုတ်ဖော်ပြသနိုင်ခဲ့သည်။ စစ်ပြီးသည်နှင့် နိုင်ငံရေး နှင့်ဆိုင်သော ရုပ်ရှင်ဇာတ်ကားများ ပေါ်ထွက်လာပြီး စစ်အေးကာလတွင် ဝါဒဖြန့်ချိရေး ဇာတ်ကားများလည်း ရိုက်ကူးခဲ့သည်။ ထိုစဉ်ကာလက မြန်မာ့ရုပ်ရှင်သည် ပျော်ရွှင်လွမ်းမောဖွယ်ရာ လူမှုဘဝများသာမက နိုင်ငံ၏ အရေးပါသော အခန်းကဏ္ဍများနှင့် နိုင်ငံ၏ ပကတိအခြေအနေများကိုပါ ထင်ဟပ်ဖော်ပြတင်ဆက်နိုင်ခဲ့သည်။

 

မြန်မာ့ရုပ်ရှင်သည် နှစ်ပေါင်း ၁၀၀ ကာလအတွင်း ကိုလိုနီစနစ်၊ ဖက်ဆစ်စနစ်၊ ပါလီမန်ဒီမိုကရေစီစနစ်၊ အာဏာရှင် စနစ်၊ ဒီမိုကရေစီစနစ် စနစ်အမျိုးမျိုးတို့တွင် ရုပ်ရှင်ဆင်ဆာကဲ့သို့ ကန့်သတ်မှုများ၊ တင်းကျပ်မှုများကြားမှ တိုင်းပြည်နှင့် ပြည်သူလူထု၏ ဘဝကို တစ်သားတည်းထင်ဟပ် ဖော်ညွှန်းစေသည့် ရုပ်ရှင်ဇာတ်ကားကောင်းများ ဖန်တီးပြီး ရုပ်ရှင်ကြည့် ပြည်သူပရိသတ်များအား အသိအမြင်အလင်းရောင်များ ဖြန့်ဝေပေးနိုင်ခဲ့သည်။ ရုပ်ရှင်သည် ခေတ်ကာလ ကို ထင်ဟပ်စေသည်ဖြစ်ရာ နည်းပညာ မတိုးတက်သေးသောကာလက ရုပ်ရှင်ဖြင့် ပြည်သူလူထုသိမြင်ခံစားမှုကို ထိထိရောက်ရောက် ပေးစွမ်းနိုင်ခဲ့သည်။ နည်းပညာတိုးတက်လာသော ခေတ်ကာလတွင် တိုးတက်ပြောင်းလဲလာသော အခြေအနေအရ တတ်နိုင်သည့်ဘက်မှ ပြည်သူလူထုအား ပေးဆပ်နေဆဲဖြစ်သည်။

 

သို့ဖြစ်ရာ နှစ်ပေါင်း ၁၀၀ သို့ ဖြတ်သန်းနေသော မြန်မာ့ရုပ်ရှင်သည် ဓနဥစ္စာ၊ နည်းပညာမကြွယ်ဝသော်လည်း မြန်မာတို့၏ ရှိရင်းစွဲတီထွင် ဖန်တီးနိုင်မှု၊ အနုပညာပြောင်မြောက်စွာ ကြိုးပမ်းအားထုတ်နိုင်မှုများဖြင့် သမိုင်းပေးတာဝန် များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသည်ဟု ရှုမြင်ပါကြောင်း။      ။

ကြေးမုံ