သမိုင်းကို သင်ခန်းစာယူ

ဒုတိယကမ္ဘာစစ်ကြီးသည် ကမ္ဘာ့နိုင်ငံအသီးသီးတို့၏ ကံကြမ္မာကို များစွာပြောင်းလဲသွားစေခဲ့သည်။ တစ်ချိန်က နယ်ချဲ့အင်ပါယာများ တစ်ခုပြီးတစ်ခု လဲပြိုသွားကြပြီး အင်ပါယာအရှင်သခင် နိုင်ငံများမှာလည်း လက်အောက်ခံ ကိုလိုနီနိုင်ငံများကို လက်လွှတ်ရကာ တစ်ချိန်က နေမဝင်အင်ပါယာသည်လည်း နိဂုံးချုပ်ခဲ့ရသည်။ မဟာမိတ် နိုင်ငံများဘက်မှ ဗြိတိန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်တွင် စစ်နိုင်သည့်ဘက်မှဖြစ်သော်လည်း စစ်ကြီးအပြီးတွင် ခြေကုန်လက်ပန်းကျကာ အင်ပါယာကို လက်လွှတ်ရအံ့အခြေအနေသို့ ဆိုက်ရောက်လာခဲ့သည်။

 

၁၉၄၅ ခုနှစ်တွင် ဗြိတိသျှအစိုးရက မြန်မာနိုင်ငံဆိုင်ရာ မူဝါဒဖြစ်သည့် စက္ကူဖြူစာတမ်းခေါ် Burma Statement of Policy By H. M. G, 1945 ကို ထုတ်ပြန်လိုက်ပြီး ယင်းစာတမ်းအရ ဘုရင်ခံတစ်ဦးတည်း အုပ်ချုပ်သည့်စနစ်ဖြင့် မြန်မာနိုင်ငံကို သုံးနှစ်မျှ ဆက်လက်အုပ်ချုပ်သွားမည်ဖြစ်ကြောင်း ကြေညာ ခဲ့သည်။ နိုင်ငံရေးနိုးကြားတက်ကြွမှုများ ပြင်းထန်နေပြီဖြစ်သည့် မြန်မာပြည်သူလူထုက လွတ်လပ်ရေး ကိုသာ အလိုရှိနေပြီဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်းက “တစ်နှစ်အတွင်း လွတ်လပ်ရေးပေးရန်” ဗြိတိသျှအစိုးရကို အတိအလင်းတောင်းဆိုခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့်အခါတွင် တောင်တန်းဒေသများပါ တစ်ပါတည်း လွတ်လပ်ရေးရရှိရန်အတွက် အားထုတ် ကြိုးပမ်းခဲ့ရာမှ ပင်လုံညီလာခံ ဖြစ်ပေါ် လာရသည်။

 

မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အဓိကအရေးပါခဲ့သည့် ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့ရာတွင် လွယ်ကူချောမွေ့စွာ ပြီးမြောက်ခဲ့ရခြင်းမဟုတ်ဘဲ အနှောင့်အယှက်များစွာ၊ အဖျက်အမှောင့်များစွာတို့ကို ခက်ခက်ခဲခဲ ရင်ဆိုင်ကျော် လွှားခဲ့ကြရကြောင်း သမိုင်းမှတ်တမ်းများတွင် ပြန်လည်လေ့လာနိုင်သည်။ ပင်လုံညီလာခံကို ပထမအကြိမ်အဖြစ် ၁၉၄၆ ခုနှစ် မတ်လ ၂၀ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့ရာတွင် လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့ရာ တွင်လည်းကောင်း နယ်ချဲ့အစိုးရက စေလွှတ်ထားသည့် မျက်နှာဖြူအရာရှိကြီးများ၊ နယ်ချဲ့အစိုးရ လက်အောက်တွင် ရာထူးနေရာရယူရေး မျှော်မှန်းထားကြသည့် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ အာဏာကို လက်မလွှတ်လိုကြသည့် ပဒေသရာဇ်ဟောင်းများ စသည်တို့က လွတ်လပ်ရေးကို ဆန့်ကျင်အတိုက်အခံပြုလုပ်ခြင်း၊ တိုင်းရင်းသားအချင်းချင်း မယုံသင်္ကာ သံသယဝင်အောင် သွေးခွဲသပ်လျှိုမှုများ ပြုလုပ်ခြင်းစသည့် အဖျက်အမှောင့် ပယောဂမျိုးစုံတို့ကို ကမ်းကုန်အောင်ပြုလုပ်ကာ နှောင့်ယှက် ခဲ့ကြသည်။ သို့ရာတွင် တစ်ဖက်ကလည်း တိုင်းရင်းသားအပေါင်းတို့ စည်းလုံးညီညွတ်စွာ တန်းတူ ရည်တူ အတူတကွနေထိုင်ကြသည့် ပြည်ထောင်စုကြီးပေါ်ပေါက်လာရေး၊ မြန်မာနိုင်ငံ လုံးဝလွတ်လပ်ရေး တို့အတွက် တိုးတက်သည့် အင်အားစုများနှင့် တိုင်းရင်းသားပြည်သူလူထုကြီး တစ်ရပ်လုံးက နယ်ချဲ့၏ကိုယ်စားလှယ်တော် များနှင့် ၎င်းတို့၏ လက်ပါးစေများကို ဆန့်ကျင်ကာ စစ်မှန်သည့်ဆန္ဒနှင့် အင်အားတို့ကို ထုတ်ဖော်ပြသခဲ့ကြကာ နှလုံးရည်ဖြင့် တိုက်ပွဲဝင်ခဲ့ကြသည်။

 

နယ်ချဲ့တို့၏ သပ်လျှိုမှု၊ သွေးခွဲမှု၊ ခြေထိုးမှု၊ ပယောဂမီးမွှေးမှုတို့က ပဒေသရာဇ်အနွယ်တော်အချို့ကို နားယောင် စေခဲ့သော်လည်း တိုင်းရင်းသားများ စုပေါင်းနေထိုင်သည့် ပြည်ထောင်စုကြီး ပေါ်ပေါက်လာရေးကို လိုလားသည့် တိုင်းရင်းသား ခေါင်းဆောင်များနှင့် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးတို့က ပင်လုံမြေတွင် တွေ့ဆုံ၍ တစ်ခဲနက်စုစည်း ခဲ့ကြကာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် ပင်လုံစိတ်ဓာတ်ကို ပြသခဲ့ကြသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် သမိုင်းဝင်မည့် ပင်လုံစာချုပ်ကိုလည်း ချုပ်ဆိုနိုင်ခဲ့သည်။ မြန်မာနိုင်ငံကို မဖြစ်မနေ လွတ်လပ်ရေးပေးရလျှင်သော်မှ တောင်တန်းဒေသများကို ချန်ထားရစ်ခဲ့ရန် ကြံစည်ထားသည့် နယ်ချဲ့တို့မှာလည်း ပင်လုံစိတ်ဓာတ်ကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသလို ပင်လုံစာချုပ်ကြောင့်လည်း လုံးဝလွတ်လပ်ရေးကို ပေးအပ်ခဲ့ရသည်။

 

သမိုင်းသည် သင်ခန်းစာယူရန်နှင့် အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ရာတွင် မြော်မြင်ဆင်ခြင်ရန် အတွက်ပင် ဖြစ်သည်။ မိမိတို့၏ ဘိုးဘွားများ စည်းလုံးညီညွတ်ခဲ့မှု၊ ပြင်ပ ပယောဂတို့ကို တစ်စိတ် တည်း တစ်ဝမ်းတည်း တစ်သွေးတည်း တစ်သားတည်း စည်းလုံးညီညွတ်စွာ တွန်းလှန်ခဲ့မှု၊ သွေးရင်း သားရင်း ချစ်ခင်ရင်းနှီးမှုတို့ဖြင့် နိုင်ငံလွတ်လပ်ရေးကို ရယူပေးခဲ့မှုတို့မှာ နှောင်းလူတို့ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်း ခံယူသွားကြရမည့် စိတ်ဓာတ်ပင်ဖြစ်ပြီး ယင်းစိတ်ဓာတ်ဖြင့်ပင် ဘိုးဘွားအမွေ ပြည်ထောင်စုကြီးကို ထာဝစဉ် တည်တံ့ခိုင်မြဲအောင် စောင့်ရှောက်ကာကွယ်သွားကြရမည် ဖြစ်ပါကြောင်း။   ။

မြန်မာ့အလင်း