သမိုင်းကို ပြည်သူက ရေးသည်

၁၈ ဖေဖော်ဝါရီ

 

လူမှုအဖွဲ့အစည်းတိုင်းတွင် သမိုင်းရှိသည်။ သမိုင်းထဲတွင် ဂုဏ်ယူအားတက်စရာများ ရှိသလို သင်ခန်းစာယူစရာများရှိမည်။ အရေးကြီးသည်က သမိုင်းကို အမှန်အတိုင်း မြင်အောင် ကြိုးစားကြဖို့ ဖြစ်ပါသည်။ ဤနေရာတွင် သမိုင်းကို မည်သည့်ရှုထောင့်မှ မည်သူကရေးသလဲဟူသည်က အခရာကျနေသည်။

 

ခေတ်ဟောင်းရာဇဝင်များတွင်မူ သမိုင်းကို နိုင်သူများက ရေးသည်ဟုဆိုလေ့ရှိသည်။ ရာဇဝင်ဆိုသည်က ပဒေသရာဇ်များ၏ ဇာတ်လမ်းများပေါ် အခြေပြုလေ့ရှိသည်ဖြစ်ရာ စစ်နိုင်သူ မင်းဧကရာဇ်တို့က ၄င်းတို့၏ အောင်မြင်ကြီးကျယ်မှုကို ခမ်းနားစွာ ရေးလေ့ရှိ၏။ ထို့အတူ အာဏာရှင်တို့၏ သမိုင်းများတွင်လည်း အာဏာရှင်တို့က ၄င်းတို့လိုရာ တို့ကို ဖော်ထုတ်ရေးသားပြီး ဖုံးကွယ်လိုသည်တို့ကို မသိယောင်ပြု၏။

 

သည်တော့ ခေတ်ကို နားလည်ရန်အလို့ငှာ၊ မ အကြစေရန် အလို့ငှာ သမိုင်းသင်ရသည်ဆိုသော်လည်း မည်သည့်သမိုင်းကို သင်ကြားကြရ သလဲဆိုသည်မှာ အရေးကြီးသည့် အချက်ဖြစ်ပါသည်။ သမိုင်းက ဘာတွေကို နားလည်စေချင်သလဲ၊ သမိုင်းက ဘာတွေကို အမွေဆက်ခံစေချင်သလဲ၊ သမိုင်းက ဘာတွေကို သင်ခန်းစာယူစေချင်သလဲ ဆိုသည်များထက် သမိုင်း၏ အမှန်တရားက ဘာလဲဆိုသည်က ပို၍အရေးကြီး သည်ဟု မြင်ပါသည်။

 

လူမျိုး၊ နိုင်ငံတို့၏ သမိုင်းမှာ အရှက်ရစရာများ ရှိနိုင်သည်။ ဤသည်က ကိစ္စမရှိ။ အရှက်ရစရာတို့ကို အရှက်ရစရာအဖြစ် အမှန်အတိုင်း သိမြင်ဖော်ထုတ်ကြဖို့သာလိုသည်ဟု ယူဆပါသည်။ ထို့ကြောင့် သမိုင်းပညာရှင်တို့သည် သမိုင်း၏ အချက်အလက်မှန်များကိုသာ ရှာဖွေရေးသားကြရေးကိုအားပေးကြ၏။

 

အမှန်တရားကို ဖော်ထုတ်ခြင်းသည်သာလျှင် သမိုင်းကိုရေးသားခြင်း၏ မူလဘူတ ဖြစ်၏။ သမိုင်းရေးသားရာတွင် အဂတိကင်းဖို့လို၏။ ချစ်၍၊ မုန်း၍၊ ကြောက်၍၊ အမှန်ကို မသိ၍ သမိုင်းကို မိမိလိုချင်သလို ရေးလို့မရ။

 

သမိုင်းအမှန်တရားတို့တွင် မိမိတို့၏ ယဉ်ကျေးမှုအစစ်အမှန် ရှိသည်။ မိမိတို့၏ မယဉ်ကျေးမှုများလည်း ပါဝင်နိုင်သည်။ မိမိတို့၏ အစဉ်အလာ၊ ဓလေ့ထုံးတမ်း၊ နှလုံးသားနှင့် ဝိညာဉ်တို့ရှိနေမည်။ လေးစားစရာ အမွေအနှစ်များကို အလေးအနက်ထား လေးစားမြတ်နိုးတတ်ကြဖို့လိုသလို ဆက်လက်သယ်ဆောင်မလာသင့်သည်တို့ကို ရဲရဲတင်းတင်း ဝန်ခံကာ ချထားပစ်ခဲ့ဖို့လိုပါမည်။

 

ဤသည်တို့အတွက် အခြေခံမူက ပြည်သူလူထုကို ယုံကြည်ဖို့ဖြစ်ပါမည်။ ပြည်သူတို့ရေးသည့် သမိုင်းကို မှတ်တမ်းတင်နိုင်ကြဖို့ လိုမည်။ ခေတ်ပြိုင်မှတ်တမ်းတို့ကို ယှဉ်ကာ စိစစ်ကာ အမှန်အမှား ခွဲခြားတတ်ဖို့လိုမည်။ မည်သည်က သမိုင်းအမှန်လဲ။ မည်သည်က သမိုင်းအတုအယောင်ဖြစ်သလဲ။

 

ပုဂံရာဇဝင် တုတ်ထမ်းမပြောနဲ့ တူးရွင်းထမ်းကာ ပြောကြစို့ဟူသည့်သမိုင်းပညာရှင်ကြီးတို့၏ အဆိုအမိန့်အတိုင်း သမိုင်းအမှန်ကို တူးကာ ဆွကာ ခြေရာခံကာ ရေးကြမှတ်တမ်းတင်ကြဖို့ လိုပါမည်။ ယခုအခါမူပုဂံရာဇဝင် မဆိုထားနှင့်၊ မြန်မာ့လွတ်လပ်ရေးသမိုင်းကိုပင် တုတ်ထမ်း ပြောကြရမည်ဆိုသည်တော့ မဖြစ်သင့်ကြတော့ပြီဟု ယူဆပါသည်။ မြန်မာ့လွတ်လပ်ရေးသမိုင်းအတွက် နိုင်ငံတွင်းရှိ တိုင်းရင်းသားလူမျိုးစုအသီးသီးတို့ ရေးသားပြုစုခဲ့ကြသော မှတ်တမ်းများသာမက နိုင်ငံတကာက မှတ်တမ်းများအစုံစုံကို ပြန်လည်စုစည်းပြုစုထားကြဖို့ လိုပါမည်။

 

သမိုင်းမှတ်တမ်းများ အမှန်အတိုင်းပြုစုကြရန်လိုမည်ဟု မြင်ပါသည်။ ကိုယ်တိုင်ပါဝင်ခဲ့ကြသူများ၊ ကိုယ်တွေ့ကြုံခဲ့ကြသူများ ပြည်တွင်း ပြည်ပ မှတ်တမ်းများကို ဘက်စုံထောင့်စုံက နှိုင်းကာဆကာ ယှဉ်ကာ ထိုးကာဖြင့်ပြုစုကြလျှင် မသင့်တော်ပါ၏လော။

 

သမိုင်းဆိုသည်က ပြည်သူတို့ရေးသည့် မှတ်တမ်းများကို အခြေပြုရမည် ဖြစ်ပါသည်။ ပြည်သူတို့ မည်သို့ မှတ်တမ်းတင်ခဲ့ကြသလဲဆိုသည်ကိုခြေရာကောက်နိုင်ရေးအတွက် အားထုတ်ကြဖို့သာ လိုမည်ဟု တင်ပြလိုက်ရပါသည်။

 

မြန်မာ့အလင်း