သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများအား ထိရောက်စွာ ဟန့်တားနိုင်သည့် အထူးဥပဒေတစ်ရပ် ရေးဆွဲရန် ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်း

နေပြည်တော် ၁ ဇွန် 

တစ်နေ့တခြား များပြားလာပြီး ထိတ်လန့်ဖွယ်ရာအဆင့်သို့ ရောက်ရှိနေသော သက်ငယ် မုဒိမ်းမှု ကျူးလွန်သူများအား ထိရောက်စွာ ဟန့်တားနိုင်ရန် အထူးဥပဒေတစ်ရပ် အမြန်ရေးဆွဲကာ ထိုဥပဒေထဲတွင် ပြစ်မှုပြစ်ဒဏ်အပိုင်းကို သေဒဏ်ချမှတ်သည်အထိ တိတိကျကျ ရေးဆွဲပြဋ္ဌာန်းပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

ဒေါ်ခင်စောဝေက အဆိုနှင့်ပတ်သက်၍ ရှင်းလင်းရာတွင် သက်ငယ်မုဒိမ်းမှု ဖြစ်ပွားမှုနှုန်းသည် နှစ်စဉ် မြင့်တက်လျက်ရှိပြီး (၂) နှစ်ကျော်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် အမှုပေါင်း ၂၀ဝ၀ နီးပါးအထိ ရှိလာသည်ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ လွှတ်တော်အတွင်း ရှင်းလင်းပြောကြားချက်အရ သိရှိခဲ့ရကြောင်း၊ အမှုကြီး ၁၀ မျိုးတွင် ပါဝင်သော မုဒိမ်းမှုသည် ယခုနောက်ပိုင်း နေရာအနှံ့ ဆက်တိုက် ဖြစ်ပေါ်နေပါကြောင်း၊ မုဒိမ်းမှု ကျူးလွန်ရခြင်းသည် လူသားစိတ်မရှိခြင်း၊ ဘာသာရေး အဆုံးအမ၌ မတည်ခြင်း၊ အသိပညာ နည်းပါးခြင်းတို့အပြင် အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းတို့ကြောင့် ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သုံးသပ်ဖော်ပြထားပါကြောင်း ရှင်းလင်းတင်ပြသည်။

ထို့ပြင် အဆိုရှင်က ကလေးသူငယ်များအပေါ် မုဒိမ်းမှုကျူးလွန်ခြင်းသည် မြန်မာ့လူ့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာ ကျဆင်းစေသည်သာမက နိုင်ငံ၏ အနာဂတ် မျိုးဆက်များဖြစ်သည့် ကလေးသူငယ်များ၏ ဘဝကို အသက်ရှင်လျက်နှင့် ရုပ်ပိုင်း၊ စိတ်ပိုင်း ရှင်သန်ခြင်းမရှိနိုင်အောင် ဖျက်ဆီးခံရခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ကလေးသူငယ်အပေါ် ကျူးလွန်နေကြသည့် ပြစ်မှုများကို လေ့လာကြည့်လျှင် ကျင့်ဝတ် သိက္ခာအရ၊ ယဉ်ကျေးမှုအရ လူမှုအဖွဲ့အစည်းတစ်ခုလုံးကို ခြိမ်းခြောက်လာသည့် အခြေအနေများနှင့် ရင်ဆိုင်နေရပြီဟု သုံးသပ်ရမည်ဖြစ်ပါကြောင်း ရှင်းလင်းသည်။

အလားတူ အဆိုရှင်က သက်ငယ်မုဒိမ်းမှုများနှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးတွင် သက်ငယ် မုဒိမ်းမှုများနှင့် ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မီဒီယာများ၏ မေးမြန်းမှုကို အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းအထိ ပြစ်ဒစ်ချမှတ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေကိုလည်း ပြင်ဆင်ရေးဆွဲနေကြောင်း၊ သက်ငယ်မုဒိမ်းမှုပြစ်ဒဏ်ကို အမြင့်ဆုံး သေဒဏ်ပေးရေးအတွက် လွှတ်တော်တွင် ဆွေးနွေးကြရမည်ဟု ပြန်လည်ဖြေကြားခဲ့သည်ကို သတင်းဂျာနယ်များ၏ ဖော်ပြချက်အရ သိရှိရပါကြောင်း။

၂၀၁၄ ခုနှစ်မှစ၍ အမျိုးသမီးများ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေတစ်ခု ပေါ်ထွက်လာရန် CSO များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သော်လည်း ယနေ့အထိ ဥပဒေ ကြမ်းအဖြစ် လွှတ်တော်သို့ တင်သွင်းနိုင်ခြင်း မရှိသေးပါကြောင်း။

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ-၃၄၇ တွင် “နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ် ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်” ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ထို့ပြင် ပုဒ်မ ၃၂(က)တွင် မိခင်နှင့်ကလေးသူငယ်များ မိဘမဲ့ ကလေးများ၊ ကျဆုံးသော တပ်မတော်သားများ၏ ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်စွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရမည်ဟု ပြဋ္ဌာန်းထားကြောင်းကိုလည်း အဆိုရှင်က ဥပဒေနှင့်အညီ ထောက်ပြပြောဆိုခဲ့သည်။

ထို့ပြင် ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးခဲ့သော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ အထွေထွေ ညီလာခံ သဘောတူညီချက်(စာချုပ်) အပိုဒ် ၃၄ တွင် ကလေးသူငယ်များ အားလုံးသည် လိင်မှု ကိစ္စဆိုင်ရာ စော်ကားညှင်းပမ်းခြင်းမှ အကာအကွယ်ရပိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားရှိပါကြောင်း။

သို့ဖြစ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေအရသော်လည်းကောင်း၊ မြန်မာနိုင်ငံအစိုးရမှ လက်မှတ်ရေးထိုးထားသည့် နိုင်ငံတကာ သဘောတူညီချက်များ အရသော်လည်းကောင်း၊ အသက်ရှင်လျက်နှင့် ဘဝသေနေသည့် ကလေးများ မဖြစ်စေရန်အတွက် မုဒိမ်းမှုကျူးလွန်သူများကို ထိရောက်စွာ ဟန့်တားနိုင်သည့် အထူးဥပဒေ တစ်ရပ် အမြန်ရေးဆွဲကာ ထိုဥပဒေထဲတွင် ပြစ်မှုပြစ်ဒဏ်အပိုင်းကို သေဒဏ်ချမှတ်သည်အထိ တိတိကျကျ ရေးဆွဲပြဋ္ဌာန်းပေးရန် လိုအပ်ပါကြောင်းဖြင့် အဆိုတင်သွင်းရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်း တင်ပြခဲ့သည်။

ယင်းအဆိုကို ပြည်သူ့လွှတ်တော်က သဘောတူညီခဲ့ပြီး လက်ခံဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်