သက်ကြီးဝန်ထမ်းဟောင်းများအား ဂါရဝလက်ဆောင်ပေးအပ်ခြင်းနှင့် ဝန်ထမ်းဟောင်းများတွေ့ဆုံပွဲကျင်းပ

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းဟောင်းများအသင်းက ကြီးမှူးကျင်းပသည့် အသက်(၈၀)နှင့်အထက် ဝန်ထမ်းဟောင်းများအား ဂါရဝလက်ဆောင်ပေးအပ်ခြင်းနှင့် ဝန်ထမ်းဟောင်းများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားစတူဒီယို(အေ)ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းဟောင်းများအသင်း နာယက  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး   အသင်းဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး၊ အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသက်(၈၀)နှင့်အထက် သက်ကြီးဝန်ထမ်းဟောင်း(၃၃)ဦးတို့အား ဂါရဝလက်ဆောင်နှင့် အလှူငွေများပေးအပ်ကြပြီး ၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲတွင် “ထာဝရအမေ”ရုပ်ရှင်ဇာတ်ကားဖြင့် အသံပိုင်းဆိုင်ရာ ထူးချွန်ဆုရရှိသူ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စက်မှုဌာနခွဲမှ ဝန်ထမ်းဟောင်း ဦးသိန်းအောင် (အကယ်ဒမီသိန်းအောင်) အား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် နာယကကြီးများကိုယ်စား  ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးကြည်လွင်နှင့် သက်ကြီးဝန်ထမ်းဟောင်း ဦးတင်မောင်(ကိုဖိုးအေး-မြန်မာ့အသံ)တို့က မုဒိတာစကားများပြောကြားကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းဟောင်းများအသင်းကို ၂၀၁၂ ခုနှစ် မတ်လက စတင်ဖွဲ့စည်းခဲ့ပြီး အသက် ၈၀ နှင့်အထက် သက်ကြီးဝန်ထမ်းဟောင်းများကို ၂၀၁၄ ခုနှစ်တွင် ၂၂ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၂၉ ဦး၊ ယခုနှစ် တတိယအကြိမ်မြောက်တွင် သက်ကြီးဝန်ထမ်းဟောင်း ၃၃ ဦးအား ဂါရဝပြု လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ထို့အပြင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစတင်၍ ကျန်းမာရေး၊ လူမှုရေး အခက်အခဲရှိနေသည့် အသက် (၈၀) နှင့်အထက် ဝန်ထမ်းဟောင်း ၄ ဦးအား အသင်း၏ လှူဒါန်းရရှိငွေနှင့် ထည့်ဝင်ငွေများထဲမှ လစဉ် ငွေကျပ် ၃ သိန်းကို ၎င်းတို့ သက်ရှိထင်ရှားရှိနေသရွှေ့ မြန်မာ့အသံဝန်ထမ်းဟောင်းများအသင်း၏ စီမံခန့်ခွဲမှုဖြင့် ရာသက်ပန် ထောက်ပံ့လှူ ဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

နောင်နှစ်များတွင်လည်း အသက် (၈၀) နှင့်အထက် ဝန်ထမ်းများထဲမှ ကျန်းမာရေး၊ လူမှုရေး အခက်အခဲ ရှိနေသူများအား ထပ်မံစိစစ်ပြီး ထောက်ပံ့လှူဒါန်းသွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

သတင်း-ဥမ္မာသန့်

 

ဓာတ်ပုံ-လှမိုး