သိုင်းငင်း- တီးတိန်ကားလမ်း (၇မိုင် ၆ ဖာလုံ) ကွန်ကရစ်ခင်းခြင်းလုပ်ငန်း မတ်လကုန်တွင် ပြီးစီးရန် လျာထားဆောင်ရွက်

တီးတိန်၊ ၂၆ ဇန်နဝါရီ

 

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်း- တီးတိန်ကားလမ်း (၇မိုင် ၆ဖာလုံ)ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများကို မတ်လကုန်တွင် ရာနှုန်းပြည့်ပြီးစီးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကွန်ကရစ်ခင်းခြင်းတွင် သိုင်းငင်းမှ မိုင်တိုင်အမှတ် (ဝ)ကီလိုမီတာမှ (၄)ကီလိုမီတာအထိ (၄) ကီလိုမီတာ၊ မိုင်တိုင်အမှတ် ၁၀ ဒသမ ၅ ကီလိုမီတာမှ ၁၄ ကီလိုမီတာအတွင်း ၂ ဒ သမ ၇၄ ကီလိုမီတာ၊ မိုင်တိုင်အမှတ် ၁၄ ကီလိုမီတာမှ ၁၆ ဒသမ ၅ ကီလိုမီတာအတွင်း ၁ ဒသမ ၃၄ ကီလို မီတာနှင့် မိုင်တိုင်အမှတ် ၃၂ ဒသမ ၅၈၉ ကီလိုမီတာမှ ၃၇ ကီလိုမီတာအတွင်း ၄ ဒသမ ၄၁၉ ကီလိုမီတာ၊ စုစုပေါင်း ၁၂ ဒသမ ၄၉၉ ကီလိုမီတာ (၇မိုင် ၆ ဖာလုံ)ဖြစ်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၀- ၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၄၆၉၄ ဒသမ ၈၈၀ သန်းဖြင့် (လမ်းအရှည်- ၇မိုင် ၆ဖာလုံ၊အကျယ်-၁၈ ပေ၊ထု- ၉ လက်မ)ကို လမ်းအထူးအဖွဲ့ (၁၀)က တာဝန်ယူပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၀ ရက်တွင် လုပ်ငန်းစတင် အကောင်အထည်ဖော်ဆောင်ရွက်ကာ ၂၀၂၁ ခုနှစ် မတ်လကုန်တွင် လုပ်ငန်းအားပြီးစီးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယခုအချိန်တွင် လုပ်ငန်း ၂၈ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းတာဝန်ခံ AE ဦးကျော်မျိုးထက် ထံမှ သိရသည်။

 

ပေါင်ကျင့်မုန်(ပြန်/ဆက်)