Singha Laguna Phuket Open 2019 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဟိန်းစည်သူ အဆင့် (၄) ရရှိ

၂၀ မေ

 

မေ၁၆ ရက်မှ ၁၉ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပသည့် Singha Laguna Phuket Open 2019 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက်ကစားသမား ဟိန်းစည်သူ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ အဆင့် (၄) နေရာရရှိခဲ့သည်။ 

 

ဟိန်းစည်သူသည် ယင်းပြိုင်ပွဲတွင် ၆၉+၆၈+၆၃+၆၇ ချက် လေးရက်ပေါင်းရိုက်ချက် ၂၆၇ ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် ၁၃ ချက်လျှော့ရိုက်ကာ အဆင့် (၄) နေရာရခဲ့ခြင်းဖြစ်သည်။ ဟိန်းစည်သူသည် ပထမနေရာမှတတိယနေရာအထိ ရရှိခဲ့သည့် ကစားသမားသုံးဦးနှင့် လျှော့ရိုက်ချက် နှစ်ချက်သာကွာခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ကစားသမား ၅၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အိမ်ရှင်ထိုင်းနိုင်ငံမှ ဂေါက်သီးရိုက်ကစားသမားအများစုယှဉ်ပြိုင်ခဲ့ကာ အာဂျင်တီးနား၊ တောင်ကိုရီးယား၊ အမေရိကန်၊ ဆွီဒင်၊ ဖင်လန်၊ ဂျပန် စသည့် အာရှ၊ ဥရောပနှင့် လက်တင်အမေရိကနိုင်ငံများမှ ကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ 

 

ပြိုင်ပွဲအပြီးတွင် မီဂွယ်ကာဘယ်လို (အာဂျင်တီးနား) က ပထမ၊ ချင်နာရတ် (ထိုင်း) က ဒုတိယနှင့် ဂျိုဟောင်ကင်မ် (တောင်ကိုရီးယား) က တတိယဆုရရှိခဲ့သည်။ အဆင့် (၄) နေရာရခဲ့သည့် ဟိန်းစည်သူသည် ဆုကြေးငွေ ထိုင်းဘတ် ၉၃၀ဝ၀ ရရှိခဲ့သည်။ ဟိန်းစည်သူသည် ပြည်ပနိုင်ငံများတွင် ကျင်းပသည့် နိုင်ငံတကာဂေါက်သီးရိုက်ပြိုင်ပွဲများတွင် စဉ်ဆက်မပြတ် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ကမ္ဘာ့အဆင့်ပြိုင်ပွဲများ အပါအဝင် နိုင်ငံတကာပြိုင်ပွဲအများစု၌ အောင်မြင်မှုရရှိခဲ့သူဖြစ်သည်။ ဟိန်းစည်သူကို ၂၀၁၉ ခုနှစ်အတွက် Phyo Si Thu Teak Plantation (Myanmar) & Bago Yoma Eco Resort (Myanmar)က စပွန်ဆာပေးထားကြောင်း သိရသည်။ မြန်မာဂေါက်သီးရိုက်ကစားသမားများသည် ယခုနှစ်နောက်ပိုင်းနှစ်များတွင် အရှေ့တောင်အာရှအဆင့်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် ဆက်တိုက် ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပြီး အောင်မြင်မှုများလည်း ရရှိလျက်ရှိသည်။

 

သတင်း-ဖိုးသော်ဇင်

ဓာတ်ပုံ- all Thailand golf tour.com