သိန်းစိုး(သို့မဟုတ်) သီအိုရီတွေထဲက ခွဲထွက်လာတဲ့ ဗီလိန်

ဗီလိန်သရုပ်ဆောင်တစ်ယောက်က ရုပ်ရှင် တစ်ကားတည်းနဲ့ ဝက်ဝက်ကွဲအောင်မြင်တယ်ဆိုတာ အခုနောက်ပိုင်းရုပ်ရှင်လောကမှာတော့ ရှားရှားပါးပါး အဖြစ်အပျက်တစ်ခုပါပဲ။ ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖူးသူတိုင်း မင်းသားသစ် ဇဏ်ခီရဲ့ အရည်အသွေးကို သဘောကျမိကြသလို ဗီလိန်မင်းသားအဖြစ် သရုပ်ဆောင် ခဲ့တဲ့ အောင်မြင့်မြတ်ရဲ့ သရုပ်ဆောင်ဟန်များကိုလည်း နှစ်သက်ကြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ့ ရုပ်ရှင်မှာ ပျောက်ကွယ်နေတာကြာပြီဖြစ်တဲ့ ဗီလိန်ဇာတ် ကောင်တစ်ခုကို တွေ့မြင်ခံစားခဲ့ရလို့ပဲ ဖြစ်ပါတယ်။

 

ဒီလိုအရေးပါတဲ့ ဗီလိန်ဇာတ်ရုပ်မျိုးကို တစ်ခေတ် တစ်ခါက အောင်မြင်ခဲ့ဖူးတဲ့ မာယာရထား ဇာတ်လမ်းထဲမှာ ထွန်းအိန္ဒြာဗို သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ဗီလိန်ဆိုပေမယ့် ဇာတ်လမ်းရဲ့ အခရာနေရာဖြစ်ပါတယ်။ ပရိသတ်ကလည်း မာယာရထားထဲက နက်နက်နွယ်ဆိုသော ဗီလိန်ကို ကြိုက်လို့ ကြည့်ခဲ့ကြတဲ့ ဇာတ်ကားဖြစ်ပါတယ်။ မနှစ်က ရုံတင်ခဲ့တဲ့ ဆယ်လီဇာတ်ကားမှာလည်း သရုပ်ဆောင် ကိုပေါက်က ဗီလိန်အဖြစ် ပီပြင်စွာသရုပ်ဆောင်ခဲ့ဖူးပါတယ်။

 

သို့ပေမယ့် နောက်ပိုင်းတွေ့ရတဲ့ အများစုသော မြန်မာ့ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်လမ်းတွေထဲမှာတော့ ဗီလိန် တွေရဲ့အခန်းကဏ္ဍဟာ ခပ်မှိန်မှိန်သာရှိနေခဲ့တာ ကာလ အတော်ကြာနေခဲ့ပါပြီ။ ဗီလိန်တွေဟာ ဇာတ်တစ်ခုရဲ့ သေးငယ်တဲ့ ဇာတ်ပို့ကဏ္ဍလောက်မှာသာ ရပ်တည်နေရပြီး ဗီလိန်ကြောင့် ဇာတ်လမ်းဖြစ်ရတာရှားပါတယ်။ တချို့ ဇာတ်လမ်းတွေမှာဆို ဗီလိန်တွေဟာ အဓိကဇာတ်ဆောင် များရဲ့ ဇာတ်ဝင်ခန်းအလှည့်အပြောင်းတစ်ခုဖြစ်လာဖို့ အတွက်သာ ပါဝင်ခွင့်ရကြတယ်။

 

mdn

 

ဇာတ်လမ်းတစ်ခုမှာ မင်းသားဆိုတဲ့ သူရဲကောင်း ရောက်လာတာနဲ့ ဗီလိန်က အရှုံးသမားအဖြစ် မရှုမလှ ဇာတ်သိမ်းရတာလည်း မြန်မာဇာတ်ကားတွေထဲမှာ ပုံသေ ကားချပ်လိုဖြစ်နေပါပြီ။ မင်းသားကို ပခုံးယှဉ်ယှဉ်တိုက်မယ့် ဗီလိန်ဆိုတာ မရှိသလောက် ရှားပါးပါတယ်။ ဒါ့အပြင် နောက်ပိုင်း မြန်မာဇာတ်လမ်းတွေထဲမှာ ဗီလိန်ဇာတ်ကောင် တွေကို ကောက်ကျစ်ယုတ်မာတတ်တဲ့ စရိုက်များ၊ ဆင်ခြင်တုံ တရားကင်းမဲ့တဲ့ စရိုက်လက္ခဏာများနဲ့သာ တွေ့ရလေ့ ရှိပါတယ်။

 

ဗီလိန်ဇာတ်ကောင်တွေဟာ ပညာလည်း မဲ့ပါတယ်။တစ်နည်းအားဖြင့် ဉာဏ်နည်းတဲ့ဇာတ်ကောင်တွေ ဖြစ်ပါ တယ်။ အကျင့်စရိုက်ဆိုးတွေ ရှိတတ်ပါတယ်။ ဗီလိန် ဇာတ်ဝင်ခန်းဆိုတာနဲ့ အရက်ဝိုင်းရှေ့မှာ လူကြမ်းတပည့် တွေနဲ့ ဝန်းရံထိုင်ပြပြီး ထူအမ်းနေတဲ့ အရက်သမားမျက်နှာ ပုံစံနဲ့ စကားလုံးကြီးကြီးတွေကို ရွတ်ပြတတ်တာလည်း မြန်မာဇာတ်လမ်းအများစုမှ ဗီလိန်သီအိုရီများ ဖြစ်ပါတယ်။

 

ဒါကြောင့် ဗီလိန်တွေခံရတဲ့အခါ ပရိသတ်တွေက ပျော်ကြပြီး ဗီလိန်သေသွားတဲ့အခါလည်း ပရိသတ်တွေက စိတ်ကျေနပ်ကြပါတယ်။ အဓိက သရုပ်ဆောင်တွေဆီ ပရိသတ်အချစ်ပိုသွားဖို့အတွက် ဗီလိန်တွေက အမုန်းပိုခံကြ ရပါတယ်။ သို့ပေမယ့် ဥပါယ်တံမျဉ်ရုပ်ရှင်ထဲက ဗီလိန် ဇာတ်ကောင် သိန်းစိုးကတော့ နောက်ပိုင်းတွေ့မြင်နေကျ မြန်မာဇာတ်ကားတွေထဲက ဗီလိန်များနဲ့မတူဘဲ လှည့်စား တတ်တဲ့၊ ရက်စက်တတ်တဲ့ ဗီလိန်ဖြစ်ပါတယ်။ လူတွေကို နေရာချကစားသွားပြီး သွေးအေးတဲ့ ဗီလိန်ဇာတ်ကောင် ဖြစ်ပါတယ်။ ဒါ့အပြင် သူမချစ်တဲ့ မိန်းမတစ်ယောက်အပေါ် ကြင်နာမှုကင်းမဲ့စွာ ကြမ်းကြုတ်တတ်သလောက် သူချစ်တဲ့ မိန်းမအပေါ်မှာတော့ အလွန်ကြင်နာတတ်ပြီး သူရဲကောင်းဖြစ်ချင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ သိန်းစိုးပြောတဲ့ အကောင်းဆုံးစကားလုံး တွေထဲက အနှစ်သက်ဆုံးဖြစ်တဲ့စကားလုံးတွေလည်း ရှိပါတယ်။

 

 

 

ဇာတ်လမ်းထဲမှာ ဗီလိန်ဇာတ်ကောင် သိန်းစိုးဟာ မြန်မာစကားရော၊ အင်္ဂလိပ်စကားကိုပါ ကောင်းမွန်စွာ ပြောသွားသူဖြစ်ပြီး သူ့စကားလုံးတွေအကြောင်း စဉ်းစား ကြည့်တဲ့အခါ ဇာတ်ကောင် သိန်းစိုးရဲ့ အစွန်းရောက်တဲ့ စိတ်နေသဘောထားတွေကို တွေ့ရပါလိမ့်မယ်။ “So what? smash your head ” စသဖြင့် ကြမ်းကြမ်းတမ်းတမ်း စကားလုံးတွေ ပြောဆိုတတ်သလို ချစ်သူနဲ့ စကားပြောတဲ့ အခါမှာလည်း ကြွေလောက်မယ့် စကားလုံးလှလှတွေကို ပြောခဲ့သူဖြစ်ပါတယ်။

 

''နင်မသိသေးဘူးလား၊ ငါက နင့်အနားမှာ အမြဲရှိ နေမယ့် သရဲတစ်ကောင်ဟ၊ ငါက ငရဲသွားမယ့် ကောင်ပါ ဟာ၊ ဒါပေမယ့် ငါမသွားခင်လေးမှာ နင့်ကို အေးချမ်းတဲ့ နေရာလေးတစ်ခုမှာ ထားသွားချင်တယ်''ဆိုတဲ့ ဗီလိန် ဇာတ်ကောင် သိန်းစိုးရဲ့စကားလုံးတွေက ပရိသတ်အများစုရဲ့ ရင်ကို လှုပ်ခါစေခဲ့တဲ့စကားလုံးတွေဖြစ်မယ်လို့ ထင်ပါတယ်။

 

ဇာတ်လမ်းတစ်လျှောက်မှာ သွေးအေးရက်စက်တတ် သူ၊ သူတစ်ပါးအပေါ် ညှာတာစိတ်ကင်းမဲ့ပြီး လှည့်ဖြား တတ်သူအဖြစ် မြင်ခဲ့ရတဲ့ သိန်းစိုးကို ဒီဇာတ်ဝင်ခန်း တစ်ခန်းတည်းက ပရိသတ်အမြင်များ စတင်ပြောင်းလဲရန် လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ညွှန်းရေးသားသူ ဇဏ်ခီက ဇာတ်ကောင် သိန်းစိုးကို ပရိသတ်ရဲ့နှလုံးသားဆီ ရောက်အောင် ပြန်လည်ဆွဲတင်ပေးလိုက်တဲ့ ဇာတ်ဝင်ခန်း လို့လည်း ဆိုနိုင်ပါတယ်။

 

ဒါ့အပြင် သရုပ်ဆောင် အောင်မြင့်မြတ်ရဲ့ ပြင်းထန် စူးရှတဲ့ မျက်လုံးအကြည့်အားနဲ့ စကားပြောဟန်များကလည်း ဇာတ်ကောင် သိန်းစိုးအဖြစ် ပီပြင်လာဖို့ များစွာအထောက် အပံ့ဖြစ်စေခဲ့ပါတယ်။ သရုပ်ဆောင်အသစ်တစ်ယောက် အနေနဲ့ တချို့သောဇာတ်ဝင်ခန်းတွေမှာ လိုအပ်ချက် အနည်းငယ်ရှိနေခဲ့ပေမယ့် မပြောပလောက်တဲ့အားနည်း ချက်သာဖြစ်ပြီး ဇာတ်ကားတစ်ကားလုံး ခြုံကြည့်တဲ့အခါ သိန်းစိုး ခေါ် အောင်မြင့်မြတ်ကို ပရိသတ်က စိတ်ကျေနပ်မှု ရစေခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။

 

ဆက်စပ်ပြောရရင် ဇာတ်လမ်းနဲ့ လိုက်ဖက်မှုရှိအောင် သရုပ်ဆောင်အသစ်တစ်ယောက်ကို ရွေးချယ်ပွဲထုတ်နိုင် ခဲ့တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ အရည်အချင်းကိုလည်း အသိအမှတ်ပြု ချီးကျူးရပါလိမ့်မယ်။ ယခုထက်မက သာလွန်အောင်မြင်ဦးမယ့် ဇာတ်ကားကောင်းတွေမှာ ဒါရိုက်တာ ခရစ္စတီးနား၊ မင်းသား ဇဏ်ခီနဲ့ အောင်မြင့်မြတ် အတွဲကို ဆက်လက်မြင်တွေ့လိုပါသေးတယ်။

 

ရုပ်ရှင်အနုပညာလောကအနေနဲ့လည်း အောင်မြင့်မြတ် ဆိုပြီး နာမည်တစ်လုံးစတင်ရလာတဲ့ လူငယ်တစ်ယောက်ကို ကြိုဆိုမှုများစွာနဲ့ လက်ကမ်းပေးကြဖို့လိုပါတယ်။

 

အရပ်အမောင်းကောင်းကောင်း၊ အသားညိုညို၊ မြန်မာဆန်တဲ့ရုပ်ရည်၊ သဘာဝနဲ့ နီးစပ်သော မင်းသား တစ်လက်ကို ဒီထက်မက ထွန်းလင်းတောက်ပခွင့်ပေးနိုင်ဖို့ မျှော်လင့်ရပါတယ်။

 

ထို့အတူ မြန်မာဇာတ်လမ်းများထဲက ပရိသတ်ချစ် သော ဗီလိန်သရုပ်ဆောင်များကိုလည်း ဒီထက် ပိုမိုကောင်း မွန်သော အခန်းကဏ္ဍတစ်ခုမှာ ခမ်းနားစွာတွေ့မြင်ချင် ပါသေးတယ်။ ပရိသတ်က မမုန်းပါဘူး။ ဗီလိန်တွေကို ချစ်ပေးဖို့အတွက် အမြဲအဆင်သင့်ရှိနေပါတယ်။

 

ဆွေဇင်နေမင်း