သီတင်းတစ်ပတ်အတွင်း ဗြိတိန်နိုင်ငံသား ငါးသန်းနီးပါး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

လန်ဒန် ဧပြီ ၅

 

ဗြိတိန်နိုင်ငံ၌ ကိုဗစ်-၁၉  ရောဂါ ကူးစက်မှု စံချိန်တင် မြင့်တက်ခဲ့ကြောင်း အစိုးရစာရင်း အင်းဆိုင်ရာအေဂျင်စီမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

 

ဗြိတိန်နိုင်ငံတွင် သီတင်းတစ်ပတ်အတွင်း နိုင်ငံသား ၄ ဒသမ ၉ သန်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပြီး ယင်းကဲ့သို့ ရောဂါကူးစက်မှုများ မြင့်တက်လာရခြင်းမှာ နိုင်ငံအတွင်း ဘီအေ-၂ အမျိုးအစား ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မြင့်တက်လာရခြင်း၏ အခြားအကြောင်းရင်းတစ်ရပ်မှာ ဗြိတိန်အစိုးရ က ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

 

ယခုအချိန်တွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးရာတွင်လည်း အခကြေးငွေ ပေးနေရသောကြောင့် နိုင်ငံသားများအတွက် ဝန်ထုပ်ဝန်ပိုးများဖြစ်လာကြောင်း သိရသည်။ ဗြိတိန်အစိုးရ၏ ကိုဗစ်-၁၉ ဆိုင်ရာလုပ်ငန်းစဉ် တွင်  လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ အခမဲ့စစ်ဆေးခြင်း၊ သီးခြားစောင့်ကြည့်မှုခံယူစေခြင်းနှင့် ရောဂါရှာဖွေဖော်ထုတ်ခြင်းတို့ကိုဆောင်ရွက်မှု   မပြုတော့သောကြောင့်  နိုင်ငံ အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို မြင့်တက် လာစေကြောင်း  လိဒ်တက္ကသိုလ် ဆေးပညာ ဆိုင်ရာကျောင်းမှ  တွဲဖက်ပါမောက္ခ စတီဗင် ဂရီဗင်က ပြောကြားသည်။  

 

ယခုကဲ့သို့  နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများပြားလာခြင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ၏ အစွမ်းထက်ထိရောက်မှု ကို စိန်ခေါ်လာနိုင်ကြောင်း ၎င်းက ပြောကြားသည်။ လက်ရှိအချိန်တွင် နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် အိပ်စ်အီးဟု အမည်ရသော ဗီဇပြောင်း ဗိုင်းရပ်စ်တစ်မျိုးကို တွေ့ရှိနေရပြီး ထိုဗီဇပြောင်း ဗိုင်းရပ်စ်သည် ဘီအေ-၂ အမျိုးအစား ဗီဇပြောင်း ဗိုင်းရပ်စ်ထက် ရောဂါကူးစက်မှုတွင် ၁၀ ရာခိုင် နှုန်း ပိုမိုကြောင်း သိရသည်။

 

ကိုးကား - စီဂျီတီအင်န်၊

ဘာသာပြန် - စိုးသူရ