သီတင်းကျွတ်ရာသီ ကျောင်းများနှင့် အလုပ်ပိတ်ရက်များအတွင်း မြဝတီမြို့သို့ လာရောက်လည်ပတ်သူများပြား

မြဝတီ   ၁၅    အောက်တိုဘာ

 

 

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့သို့ သီတင်းကျွတ်ရာသီ ကျောင်းများနှင့် အလုပ်ပိတ်ရက်များအတွင်း ဘုရားဖူး လာသူများနှင့် အလည်အပတ် လာရောက်သူများ လွန်စွာများပြား လျက်ရှိကြောင်းသိရသည်။

 

 

"အခု သီတင်းကျွတ် ကျောင်းပိတ်ရက်ရော ဒီနှစ်က ရုံးတွေကရော ၅ ရက်ပိတ်တော့ မြဝတီနယ်စပ်ကို ဘုရားဖူးနဲ့ အလည် လာတဲ့ သူတွေများတယ်၊ ကျွန်တော့် တည်းခိုခန်းဆိုရင် ဘိုကင် (booking) တွေပြည့်နေပြီ၊ တချို့ဆို အခန်းမရကြတော့ဘူး၊  မြဝတီမြို့အတွင်း လည်ကြသလို၊ တစ်ဖက် ထိုင်းနိုင်ငံထဲကိုလည်း ကားစင်းလုံးငှါးပြီး တစ်နေကုန် သွားလည်လို့ရတဲ့အတွက် မြန်မာပြည်အနှံ့က လာကြသူတွေ များပြားကြတာ ဖြစ်တယ်" ဟု မြဝတီဟိုတယ်မှ မန်နေဂျာက ပြောသည်။

 

 

"မြဝတီမြို့တွင်းတွင်  ရွှေမြင်းဝန်ဘုရား၊ ကျောက်လုံးကြီးဘုရား၊ မိကျောင်းကုန်းဘုရား၊ ဓိဌာန်အောင်ဘုရားနှင့် ရွှေတိဂုံပုံတူ စေတီတော်ကြီးများကို သွားရောက်ဖူးမျှော်နိုင်မည်ဖြစ်သည်။

 

 

မြဝတီမြို့နယ်စပ်ဂိတ်ဝ ချစ်ကြည်ရေး တံတားကြီးတွင် တစ်ဖက်ထိုင်းနိုင်ငံသို့ သွားမည်ဆိုပါက လူတစ်ဦးလျှင် ယာယီနယ်စပ် ဖြတ်သန်းခွင့် လက်မှတ်အတွက် (၅ဝဝ)ကျပ်၊ မြန်မာနိုင်ငံမှ အထွက်တုံးထုခ,(၅ဝဝ)ကျပ်သာ ကုန်ကျမည်ဖြစ်ပြီး၊ ထိုင်းနိုင်ငံဝင်ခွင့်အတွက် ထိုင်းဘတ်ငွေ(၂ဝ) ပေးဆောင်ရမည်ဖြစ်သည်။ မိသားစုလိုက် ကားငှါးပြီး သွားလိုပါက မိသားစုအားလုံး၏ အမည်နှင့်အသက်ကို စာရင်းပေးရပြီး ချစ်ကြည်ရေး တံတားကြီးဂိတ်တွင် မိသားစုလိုက် တစ်ဖက်နိုင်ငံထဲ ဝင်ခွင့်လက်မှတ်ကို(လဝက)မှ တာဝန်ရှိသူများက ပြုလုပ်ဆောင်ရွက်ပေးကြောင်းသိရသည်။

 

 

တစ်ဖက်ထိုင်း နိုင်ငံထဲ သွားလည်မယ်ဆိုရင်မနက် ၆ နာရီကနေ ည ၇ နာရီအထိ တာ့ခ်ခရိုင် ၃ မြို့နယ်အတွင်းရှိတဲ့ ဖဝေါဘုရား၊ ရွှေကျောင်း၊ သံလိုက်တောင်၊ နဂါးရုံဂူ၊ ပြီးတော့ မြွေဘုရား၊ ရေတံခွန်၊ရေပူစမ်း၊ ရဟန္တာရုပ်ပွားတော်၊ ပန်းခြံ အစရှိတဲ့ နေရာတွေကို မြဝတီရွှေမြန်မာ အသင်းက ကားတွေနဲ့ ပို့ဆောင်ပေးနေပါတယ်။ ကားက နှစ်မျိုးရှိပြီး ၁ဝ ဦး ဆန့်တဲ့စူပါကာစတန်ကားနဲ့ ၁၅ ဦးဆန့်တဲ့ အံဇာတုံးကားတွေ ဖြစ်တယ်၊ စူပါကာစတန်က ငှါးခ ကျပ် (၁ဝဝဝဝဝ)ဖြစ်ပြီး ၁၅ ဦးဆန့်တဲ့ အံဇာတုံးကားက ငှါးခကျပ်(၁၅ဝဝဝဝ)ဖြစ်ပါတယ်။ စုပြီးသွားကြမယ်ဆိုရင် တစ်ဦးကို ကျပ်တစ်သောင်းနှုန်းနဲ့ တစ် ဖက်နိုင်ငံထဲ သွားလည်ရတာ အဆင်ပြေတာပေါ့" ဟု ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

 

 

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်း မြို့နယ် (၇)မြို့ရှိသည့်အနက် မဲဆောက်၊ မယ်ပနှင့်ဖုတ်ပရာ့ မြို့နယ် ၃ မြို့နယ်သာလျင် သွား လာ လည်ပတ်ခွင့်ကို ၆ ညအိပ် ၇ ရက် ခွင့်ပြုထားခြင်း ဖြစ်ကြောင်း သိရသည်။

 

 

ထိန်လင်းအောင်(ပြန်/ဆက်)