သီတင်းကျွတ် ပိတ်ရက်ကာလများတွင် ယင်းမာပင်ခရိုင်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ဖိုလ်ဝင်တောင်နှင့် ရွှေဘတောင်တို့တွင် လာရောက် လေ့လာသူများဖြင့် စည်ကားလျက်ရှိ

ယင်းမာပင်   ၁၃  အောက်တိုဘာ

 

သီတင်းကျွတ်ပိတ်ရက် ကာလများတွင် ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်ကြားရှိ ရှေးဟောင်းသမိုင်းဝင် ဖိုလ်ဝင်တောင်နှင့် ရွှေဘတောင်တို့တွင် အနယ်နယ်အရပ်မှ လာရောက် လေ့လာသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

"ဒီသမိုင်းဝင် ဖိုဝင်တောင်နှင့် ရွှေဘတောင်တို့ကို လာရောက်လေ့လာရတာ အလွန်ပဲ ကြည်နူးမိပါတယ်၊ ရုံးပိတ်ရက်နဲ့ ကျောင်းပိတ်ရက်မှာ မြစ်ကြီးနားမှလာတဲ့ ဆွေမျိုးတွေကို လိုက်ပို့ရင်း လာရောက်လည်ပတ်တာပါ၊ ဒီမှာရှိတဲ့ သဘာဝ ကျောက်လှိုင်ဂူတွေနဲ့ အမှတ်တရ ဓာတ်ပုံလည်းရိုက်ကြတယ်၊ ခုလို သီတင်းကျွတ်ပိတ်ရက်မှာ ဆွေမျိုးတွေ စုံစုံလင်လင်နဲ့ လာရောက်လည်ပတ်ရတာ ပျော်စရာ အလွန်ကောင်းပါတယ်" ဟု မြစ်ကြီးနားမြို့မှ လာရောက်လည်ပတ်သူ တစ်ဦးက ပြောသည်။

 

" သမိုင်းဝင် ဖိုဝင်တောင်နှင့် ရွှေဘတောင်တို့ကို  သီတင်းကျွတ် ပိတ်ရက်ကာလမှာ ယခင်ထက် ပိုမိုများပြားပါတယ်၊ လာရောက် လေ့လာသူတွေက တောင်တိုင်းမှာရှိတဲ့ သဘာဝ ကျောက်လှိုင်ဂူတွေနဲ့ ကျောက်နံရံတွေက ပန်းပုလက်ရာတွေကို လေ့လာကြပြီး အမှတ်တရ မှတ်တမ်းများ ရိုက်ကြပါတယ်။ ဒီဒေသရဲ့ ထူးခြားတဲ့ သဘာဝ တောကျောက်ပန်းလေးတွေကို သူတို့ခေါင်းမှာပန်ပြီး အမှတ်တရ ရိုက်ကြတာတွေလည်း များပါတယ်။ ဒီဖိုလ်ဝင်တောင်က ပြန်ကြရင်လည်း ကျောက်ပန်းလေးတွေကို ဝယ်ယူသွားလေ့ ရှိပါတယ်။ ဒီနေ့ဆိုရင် အရင်ရက်တွေကထက်  လာရောက်သူတွေ ပိုပြီးစည်ကားလျက်ရှိပါတယ်" ဟု ဖိုလ်ဝင်တောင်၌ ဈေးရောင်းချနေသူ တစ်ဦးက ပြောသည်။

 

ယင်းမာပင်မြို့နယ်အတွင်းရှိ သမိုင်းဝင် ဖိုလ်ဝင်တောင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ရွှေဘတောင်တို့တွင် ရှေးခေတ် လက်ရာများဖြင့် ကျောက်တောင်နံရံများတွင် ဗုဒ္ဓရုပ်ပွားတော်၊ စေတီပုထိုးများနှင့် နံရံပန်းပုလက်ရာများကြောင့် အနယ်နယ် အရပ်ရပ်မှ ခရီးသွားများနှင့် နိုင်ငံခြားခရီးသွားများ အထူးစိတ်ဝင်တစား လာရောက်လေ့လာလျက်ရှိရာ အခြားရက်များတွင် လာရောက်လေ့လာသူများ ရှိသော်လည်း သီတင်းကျွတ်ရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်လည်း ဖြစ်၍ လာရောက် လေ့လာသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

 

သန်းဌေးအောင်(ကနီ)