သီရိလင်္ကာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၀၀ ကျော်ရှိလာ

၂၁ ဧပြီ

 

သီရိလင်္ကာနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၃၃ ဦး ရှိခဲ့ရာ ကူးစက်ခံရသူအရေအတွက်  ၃၀၄ ဦး အထိ ရှိလာကြောင်း ထုတ်ပြန်ချက်တစ်ခုတွင် အစိုးရပြန်ကြားရေးဌာနက ပြောကြားခဲ့သည်။

 

နိုင်ငံတစ်ဝှမ်းရှိ ကူးစက်ခံရသူများအနက် ၉၈ ဦးမှာ ပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်းနှင့် ၁၉၉ ဦးကိုမူ သတ်မှတ်ထားသော ဆေးရုံများတွင် စောင့်ကြည့်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

 

ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ခုနစ်ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

ယမန်နေ့က ထပ်မံကူးစက်ခံရသူများအနက် အများစုမှာ သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုတွင် တည်ရှိသော ဘန်ဒါရန်နာနိတ်လမ်းမှ ဖြစ်သည်။

 

ပြည်ပမှ ပြန်လာသော အမျိုးသမီးတစ်ဦးတွင် ကိုဗစ်-၁၉ ကူးစက်မှု ကို ဧပြီလ ၁၅ ရက်နေ့က တွေ့ရှိခဲ့ပြီးနောက် ၎င်းနေရာကို သီးသန့်ပိတ်ထားသောနေရာအဖြစ် ကြေညာခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

ယင်းဒေသတွင် နေထိုင်သူများကို ဧပြီလ ၁၅ ရက်နေ့မှစတင်ကာ ၎င်းတို့၏နေအိမ်များတွင် သီးခြားနေထိုင်ကြရန် တိုက်တွန်းပြောကြားထားသည်။

 

အာဏာပိုင်များသည် ကိုလံဘိုခရိုင်နှင့် အခြားခရိုင်သုံးခုကို ရောဂါကူးစက်မှုမြင့်မားသော နယ်မြေများအဖြစ် ကြေညာခဲ့သည်။

 

နိုင်ငံတစ်ဝန်းလုံး သတ်မှတ်ချိန်တွင်း အပြင်မထွက်ရ အမိန့်ကို မတ်လ ၂၀ ရက်နေ့တွင် ချမှတ်ခဲ့သည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- မြင့်မြင့်ချို