သီရိလင်္ကာနိုင်ငံ၌ ဓာတ်ငွေ့ကုမ္ပဏီများ လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်း

မတ်   ၁၈

သီရိလင်္ကာနိုင်ငံရှိ ဓာတ်ငွေ့ကုမ္ပဏီနှစ်ခုဖြစ်သော လီထရိုဂတ်စ်နှင့် လာဖ်စ်ဂတ်စ်တို့က ဓာတ်ငွေ့ပေးပို့ မှုများ မရရှိသဖြင့် ဓာတ်ငွေ့ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းတို့ ရပ်နားခဲ့ရသည်ဟု မတ်လ ၁၆ ရက်က ကြေညာခဲ့သည်။

အရေးကြီးသည့် နိုင်ငံခြားငွေလဲလှယ်မှုပြတ်လပ်ခြင်းကြောင့် ပြီးခဲ့သည့်သီတင်းပတ်အနည်းငယ်က ဓာတ်ငွေ့ပြတ်လပ်မှုများ နှင့်ရင်ဆိုင်နေရသဖြင့် ဓာတ်ငွေ့ဖြန့်ဖြူးသည့်စင်တာများ၏အပြင်ဘက်တွင် လူတန်းရှည်ကြီး စောင့်ဆိုင်းနေသည်ကို ပုံမှန်မြင်တွေ့နေရသည်။

လာဖ်စ်ဂတ်စ် ဓာတ်ငွေ့ကုမ္ပဏီသည် ဘဏ်များကအကြွေးဝယ်ခွင့်ရပ်နားထားသဖြင့် ဓာတ်ငွေ့များ အချိန်အတန်ကြာ တင်သွင်းနိုင်မည်မဟုတ်ကြောင်း အစောပိုင်းက ကြေညာခဲ့သည်။

ထိုကုမ္ပဏီက ကာတာနှင့်အိုမန်နိုင်ငံတို့မှ ဓာတ်ငွေ့တန်ချိန် ၁၅၀၀၀ ခန့်ကို လစဉ်မှာယူလေ့ရှိသည်ဟု ဆိုသည်။ ယင်းပေးပို့မှုများသည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၀ ခန့်ရှိသည်။

နိုင်ငံပိုင်လီထရိုဂတ်စ်ကုမ္ပဏီက ၎င်းတို့၏သိုလှောင်ထားသောဓာတ်ငွေ့များ ကုန်ဆုံးသွားပြီဟု အစောပိုင်းက ကြေညာခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို