သီရိလင်္ကာနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ များလာတဲ့အတွက် အသွားလာကန့်သတ်မှု တချို့ကို ပြန်လည် ထုတ်ပြန်

ကိုလံဘို  ၃၀  မေ

သီရိလင်္ကာနိုင်ငံကို ပြီးခဲ့သီတင်းပတ်က ကူဝိတ်ကနေ ပြန်လည်ရောက်ရှိလာတဲ့ ၁၆၀ နီးပါးမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိခဲ့ရပါတယ်။ မနက်ဖြန် (တနင်္ဂနွေနေ့) ကစပြီး အသွားအလာကန့်သတ်မှုထဲက လူအများ စုဝေးခွင့် ကိုပြန်လည်ပြဌာန်းပြီး တားမြစ်မယ်လို့ သိရပါတယ်။

 

ကူဝိတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာတဲ့ သူတွေ ၂၅၀ ကျော်ထဲက အများစုမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိရာ စိုးရိမ်မှုတွေ တိုးမြင့်လာတဲ့အတွက် အခုလို ပြန်လည် ကန့်သတ် တားမြစ်လိုက်တာလို့ ဆိုပါတယ်။

 

မတ်လ ၂၀ ရက်နေ့စပြီး အသွားအလာကန့်သတ်ခဲ့ရာ ပြီးခဲ့တဲ့ အင်္ဂါနေ့ (မေ၂၆ ရက်နေ့) က မြို့တော် ကိုလံဘိုမှာ ပြဌာန်းထားတဲ့ အသွားအလာပိတ်ဆို့မှုကို ရုပ်သိမ်း ခဲ့ပါတယ်။ ကိုလံဘိုမှာ ပြဌာန်းချက် မရုပ်သိမ်းမီ အိမ်နီးချင်း ဒေသမှာ ပြဌာန်းချက်ကို သီတင်းနှစ်ပတ်စောပြီးရုပ်သိမ်းခဲ့ကြောင်း သိရပါတယ်။ အသွားအလာကန့်သတ်မှုတွေ ရုပ်သိမ်းခဲ့ပေမယ့် ညမထွက်ရ အမိန့်ကတော့ ရှိနေဆဲ ဖြစ်ပါတယ်။

 

သီရိလင်္ကာနိုင်ငံသား ၁ ဒသမ ၅ သန်းဟာ နိုင်ငံခြားမှာ အလုပ်လုပ်နေရာ ၃၈,၀၀၀ ဦးက နိုင်ငံကို ပြန်လာမယ်လို့  စာရင်းပေးထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ နိုင်ငံခြားမှ ပြန်လည် ရောက်ရှိသူတွေ အားလုံးကို အသွားအလာစောင့်ကြည့်မှုအောက်မှာ ထားရှိခဲ့ပါတယ်။

 

သီရိလင်္ကာနိုင်ငံမှာ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁,၅၅၈ ဦးထဲက သီရိလင်္ကာရေတပ်မှ တပ်သား ၇၀၀ ကျော်၊ နိုင်ငံခြားမှ ပြန်လည်ရောက်ရှိလာသူ ၄၀၀ ကျော် နဲ့ ပြည်တွင်းမှာ နေထိုင်သူ ၄၁၆ ဦးတို့ဖြစ်ကြောင်း ထုတ်ပြန်ကြေညာမှာ ရှင်းလင်းဖော်ပြ ထားပါတယ်။ ရောဂါပိုးကြောင့် သေဆုံးသူ ၁၀ ဦးရှိရာ တစ်ဦးမှာ ကူဝတ်နိုင်ငံမှ ပြန်ရောက်လာသူလို့ သိရပါတယ်။

ပြည်တွင်းမှာ နေထိုင်သူတွေထဲက ရောဂါပိုးနောက်ဆုံး တွေ့ရှိသူမှာ ဧပြီလ ၃၀ ရက်နေ့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။  

MDN
ကိုးကား - AFP