သီရိလင်္ကာအစိုးရက နိုင်ငံ၏ ပထမဆုံး AI အခြေခံ ရုပ်ရှင်ထုတ်လုပ်ရေးကို ပံ့ပိုးကူညီမည်

ကိုလံဘို ဧပြီ ၁

သီရိလင်္ကာနိုင်ငံအစိုးရသည် ဉာဏ်ရည်တု နည်းပညာ(AI) ကိုအခြေခံသည့် သီရိလင်္ကာနိုင်ငံ၏ ပထမဆုံး ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ပံ့ပိုးကူညီမှု တိုးမြှင့်ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း သမ္မတ ဝစ်ကရီမီဆင်း၏ ပြောကြားချက်ကို ကိုးကား၍ သမ္မတ၏ မီဒီယာဌာနခွဲ (PMD) က မတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။

မြို့တော်ကိုလံဘိုတွင် မတ် ၃၀ ရက်ကကျင်းပပြုလုပ်သည့် ရုပ်ရှင်ဆုပေးပွဲအခမ်းအနား၌ မိန့်ခွန်း ပြောကြားရာတွင် သမ္မတ ဝစ်ကရီ မီဆင်းက AI နည်းပညာသည် ယမန်နှစ်ကတည်းက ရုပ်ရှင်လုပ်ငန်းတွင် ပေါင်းစည်းခဲ့ပြီး သီရိလင်္ကာနိုင်ငံအနေဖြင့် ယင်းနည်းပညာကို အသုံးပြုရန် ပြင်ဆင်ရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

သီရိလင်္ကာနိုင်ငံတွင် AI နည်း ပညာမိတ်ဆက်ပွဲအတွက် အစိုးရက ကော်မတီတစ်ခုကို ဖွဲ့စည်းထားပြီး ယင်းကော်မတီသည် သီရိလင်္ကာနိုင်ငံရှိ AI နည်းပညာကို အခြေခံသည့် ပထမဆုံးရုပ်ရှင်ကို မိုရာတူဝါ တက္ကသိုလ်နှင့် အနုပညာတက္ကသိုလ်တို့  ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

သမ္မတ ဝစ်ကရီမီဆင်းက ၎င်းတို့သည် သီရိလင်္ကာနိုင်ငံ အမျိုးသား ရုပ်ရှင်ကော်ပိုရေးရှင်းကို ခေတ်မီအောင် ဆောင်ရွက်ပြီး ရုပ်ရှင်နှင့် တယ်လီဒရာမာဇာတ်ကားများတွင် ပါဝင်နေသူများအတွက် နိုင်ငံရပ်ခြားရုပ်ရှင်ပညာ ပေးရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်