သီရိလင်္ကာ ထောင်တွင်းဆူပူမှုကြောင့် ခြောက်ဦး သေဆုံးပြီး ၅၂ ဦး ဒဏ်ရာရ

၃၀ နိုဝင်ဘာ

           

သီရိလင်္ကာနိုင်ငံရှိ အကျဉ်းထောင်တစ်ခု၌ လုံခြုံရေးအစောင့်များက အကျဉ်းသားများနှင့် တိုက်ခိုက်မှုဖြစ် စေသည့် ထောင်တွင်းဆူပူမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူခြောက်ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

           

အကျဉ်းထောင်များအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်နေစဉ် အကျဉ်းသားများက ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ပြီး အာမခံဖြင့် ဆောလျင်စွာ လွှတ်ပေးရေး၊ ပိုမိုကောင်းမွန်သော ပံ့ပိုးမှုများ ဆောင်ရွက်ပေးရေး တောင်းဆိုခဲ့ကြသည်။

           

လုံခြုံရေးအစောင့်များက မဟာရာအကျဉ်းထောင်ရှိ ထိန်းမနိုင်သိမ်းမနိုင် အခြေအနေကို ထိန်းချုပ်ရန် တပ်ဖွဲ့အသုံးပြုခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အေဂျစ်ရိုဟာနာက ပြောသည်။

           

အကျဉ်းထောင် လုံခြုံရေးအစောင့်များက ဆူပူမှုထိန်းချုပ်ရန် ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း မီဒီယာသတင်းများက ဖော်ပြပြီး ဒဏ်ရာရရှိသူများကို ရာဂါမာဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ရိုဟာနာက ပြောသည်။

           

ကိုလံဘိုမြို့တော်ရှိ ဝါလီကာဒါအကျဉ်းထောင်၌ အကျဉ်းသားတစ်စုက ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့ပြီး အာမခံဖြင့်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

           

ထောင်တွင်း ဆိုးရွားလာသော အခြေအနေများကြောင့် အဂူနာကိုလာပါလာဆာ အကျဉ်းထောင်ရှိ အကျဉ်းသားများက ဆန္ဒဖော်ထုတ်နေသည်မှာ ရှစ်ရက်တိုင်ပြီဖြစ်သည်။

           

ပြီးခဲ့သည့်လက အထည်ချုပ်စက်ရုံတစ်ခုနှင့် ငါးစျေးတစ်ခု၌ အစုလိုက်အပြုံလိုက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဖြစ်ပွားပြီးနောက် သီရိလင်္ကာနိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာခဲ့သည်။

           

ဂျွန်ဟော့ကင်းတက္ကသိုလ်၏ အချက်အလက်များအရ သီရိလင်္ကာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၂၃၄၈၄ မှုနှင့် သေဆုံးသူ ၁၁၆ ဦးရှိကြောင်း သိရသည်။

 

ကိုးကား--BBC