သီရိလင်္ကာ အနောက်ပိုင်း ပြည်နယ်တွင် အလယ်တန်းအဆင့် ကျောင်းသားများအတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်

၂၆ ဇန်နဝါရီ

 

 

သီရိလင်္ကာနိုင်ငံ အနောက်ပိုင်း ပြည်နယ်တွင် အလယ်တန်းအဆင့် ကျောင်းသားများအတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း နိုင်ငံအာဏာပိုင်များက ယမန်နေ့က ပြောကြားသည်။

 

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများကြောင့် ပြီးခဲ့သည့်နှစ် အောက်တိုဘာမှ စတင်ကာ စာသင်ကျောင်းများ ပိတ်ထားခဲ့ပြီးနောက် ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသန္တရ မီဒီယာက ဖော်ပြထားသည်။

 

 

ကျန်းမာရေး ဝန်ကြီးဌာနက ချမှတ်ထားသော ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဂျီစီအီး သာမန်အဆင့် စာမေးပွဲများ ဖြေဆိုမည့် ကျောင်းသားများအတွက် စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်ပေးခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

ကျောင်းသားများကို နှာခေါင်းစည်းများ ဝတ်ဆင်ရန်နှင့် လူအချင်းချင်း ခပ်ခွာခွာ နေထိုင်ရန် အကြောင်းကြားထားပြီး စာသင်ခန်းများ အားလုံးတွင် ပိုးသတ်ဆေးများ ပက်ဖျန်းထားသည်။

 

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုတို့ကြောင့် သီးခြားနေထိုင်ရန် သတ်မှတ်ထားသည့် ဒေသများရှိ စာသင်ကျောင်းများကိုမူ ဆက်လက် ပိတ်ထားမည် ဖြစ်သည်။

 

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ဦးရေ ၅၈၄၃၀  တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ကျန်းမာရေး ကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၄၉၆၈၄ ဦး ရှိသည်။

 

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၈၃ ဦး ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို