သီပေါမြို့နယ်၊ နောင်ကတ်ကျေးရွာ၌ ခရမ်းစိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိ

သီပေါ   ဒီဇင်ဘာ   ၂၂

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ရှိ တောင်သူများအနေဖြင့် ဆောင်းရာသီတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ နောင်ကတ်ကျေးရွာတွင် ခရမ်းစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ် ခူးဆွတ်ရောင်းချရသောကြောင့် အပိုဝင်ငွေရရှိကာ မိသားစု စားဝတ်နေရေး အဆင်ပြေလျက် ရှိကြောင်း သိရသည်။

 

ခရမ်းပင်ကို တစ်ပင်နှင့် တစ်ပင် ၅ ပေခြား စိုက်ပျိုးကာ ရေသွင်းရေထုတ် လွယ်ကူစေရန် မြေပေါင်များ ပြုလုပ်ပေးရကြောင်း၊ အပင်ငယ်ချိန်တွင် မြေဆွပေး၍ တစ်လတစ်ခါ အပင်ခြေများတွင် မြေဩဇာ သင့်တင့်ရုံ ကျွေးပေးရပြီး လိုအပ်သည့်အခါ အပင်အားတိုးဆေးနှင့် ပိုးသတ်ဆေးဖျန်းပေးရကြောင်း၊ ခူးဆွတ်ရောင်းတဲ့အခါ ရက်ခြားခူ၍ ရောင်းရသလို နေ့စဉ်ခူးဆွတ်၍လည်း ရောင်းချရကြောင်း၊ ရောင်းဈေးအနေဖြင့် ဖောက်သည်ဈေး တစ်ပိဿာလျှင် ငွေကျပ် ၈၀၀ မှ ၁၀၀၀ အထိ ရောင်းချရသည့်အတွက် နေ့စဉ် အပိုဝင်ငွေရရှိကာ မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း နောင်ကတ်ကျေးရွာရှိ ခရမ်းစိုက်ပျိုးသူ ဦးစိုင်းလှဝင်း၏ ပြောပြချက်အရ သိရသည်။

 

ခင်လေး(ပြန်/ဆက်)