သီးနှံအလိုက် ကျရောက်တတ်သည့် ဖျက်ပိုးများနှင့် ပတ်သက်၍ ကြိုတင်အသိပေးခြင်း သတိပေးခြင်းလုပ်ငန်းများကို အီလက်ထရောနစ် ဆက်သွယ်ရေး နည်းပညာ အသုံးပြုပြီး တောင်သူများထံ အချိန်နှင့်တစ်ပြေးညီ ရောက်ရှိရေး စီမံဆောင်ရွက်လျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၏ စိုက်ပျိုးထုတ်လုပ်မှု အရှိန်အဟုန် ပိုမိုအားကောင်းလာရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ မြေအသုံးချရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က တောင်သူများ၏ လိုအပ်ချက်နှင့်ကိုက်ညီပြီး ရလဒ်ကောင်းပေးနိုင်သည့် စမ်းသပ်ကွက်များ ဖြစ်စေရေး မျှော်မှန်းအားစိုက်ဆောင်ရွက်ရန် လိုအပ်ချက်များ၊ စံပြကွက်များ ဆောင်ရွက်ရာ၌ အောင်မြင်မှုများ ထင်သာမြင်သာဖြစ်စေပြီး တောင်သူများ အမှန်တကယ်အားကိုးလာသည့် စံနမူနာပြ စိုက်ခင်းများဖြစ်ရန် လိုအပ်ချက်များ၊ GAP စနစ် အားကောင်းလာစေရေး ဆောင်ရွက်ရန် လိုအပ်ချက်များကိုလည်းကောင်း ဆွေးနွေးပြောကြားပြီး အစည်းအဝေး တက်ရောက်လာကြသူများက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် ရှင်းလင်းတင်ပြ ကြသည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် အင်းစိန်မြို့နယ်ရှိ သီးနှံကာကွယ်ရေးဌာနခွဲ၏ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

စိုက်ပျိုးရေးဆိုင်ရာ သွင်းကုန်ထုတ်ကုန်များ ကုန်သွယ်မှုချောမွေ့စေရေးအတွက် အပင်ပိုးမွှားရောဂါ ပျံ့ပွားမှုထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုလွယ်ကူ လျင်မြန်ရေးအတွက် လိုအပ်သည့် အပင်ပိုးမွှားရောဂါကင်းရှင်းကြောင်း ထောက်ခံချက် လက်မှတ်ထုတ်ပေးခြင်း တို့ကို စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲက တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် သက်ဆိုင်သူအားလုံးတို့က သတ်မှတ်ထားသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို တိတိကျကျ  လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးဓါတ်ခွဲခန်းများနှင့် ဗဟိုဓါတ်ခွဲခန်းများတွင် လိုအပ်လျက်ရှိသည့် ဓါတ်ခွဲခန်းသုံး ပစ္စည်းများကို ဖြည့်ဆည်းပေးလျက်ရှိပြီး နိုင်ငံတကာ အသိအမှတ်ပြု (ISO)လက်မှတ်ရရှိရေး ကြိုးပမ်းလျက်ရှိကြောင်း၊ လယ်ယာထွက်ကုန်များ တင်သွင်းတင်ပို့မှု နိုင်ငံများအလိုက် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်ညီညွတ်စေရေးအတွက် မျက်ခြည်မပြတ် လေ့လာဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သီးနှံအလိုက် ကျရောက် တတ်သည့် ဖျက်ပိုးများနှင့် ပတ်သက်၍ ကြိုတင်အသိပေးခြင်း၊ သတိပေးခြင်းလုပ်ငန်းများကို အီလက်ထရောနစ် ဆက်သွယ်ရေးနည်းပညာ အသုံးပြုပြီး တောင်သူများထံ အချိန်နှင့် တစ်ပြေးညီရောက်ရှိရေး စီမံဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲက သိရသည်။

ညီညီသန်း(နေပြည်တော်)